ပြန်လည်လက်ခံရေးမှာ UN ပါဝင်ခွင့်ပြု

ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်လာမယ့် ရိုဟင်ဂျာ ဒုက္ခသည်တွေကို ပြန်လည် လက်ခံရေးနဲ့ ပြန်လည်နေရာချထားရေးလုပ်ငန်းတွေမှာ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် UNDP နဲ့ ကုလသမဂ္ဂဒုက္ခသည်ဆိုင်ရာအေဂျင်စီ UNHCR တို့ကို မြန်မာအစိုးရက ပါဝင်ခွင့်ပြုလိုက်ပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်း တောင်ပြိုလက်ဝဲက ပြန်လည်လက်ခံရေးစခန်းကို တွေ့ရစဉ် Photo: Min Thein Aung/RFA

ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်လာမယ့် ရိုဟင်ဂျာ ဒုက္ခသည်တွေကို ပြန်လည်လက်ခံရေး နဲ့ ပြန်လည်နေရာချထားရေးလုပ်ငန်းတွေမှာ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် UNDP နဲ့ ကုလသမဂ္ဂဒုက္ခသည် ဆိုင်ရာအေဂျင်စီ UNHCR တို့ကို မြန်မာအစိုးရက ပါဝင်ခွင့်ပြုလိုက်ပါတယ်။

မြန်မာအစိုးရ၊ UNDP နဲ့ UNHCR ကြား သုံးပွင်ဆိုင် MOU စာချုပ် အမြန်ဆုံးချုပ်ဆိုနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ ကပြောပါတယ်။

“UNDP နဲ့ UNHCR က ကျနော်တို့ ရခိုင်ပြည်နယ် ပြန်လည်လက်ခံရေးမှာ ဘယ်လိုပါဝင်ဆောင်ရွက်မယ် ဆိုတာကို သူတို့ဘက်က အဆိုပြုချက်ပေးပါတယ်။ သူတို့နဲ့ သုံးပွင့်ဆိုင် MOU ထိုးဖို့ ပြင်ဆင်နေပါတယ်။ ခုထိကတော့ ကျနော်တို့ MOU ရေးဆွဲဆဲဖြစ်ပါတယ်။ သူတို့ကို ဘယ်လောက်ထိ ပါဝင်ခွင့်ပြုမလဲဆိုတာ MOU ပေါ်မှာ မူတည်ပါတယ်။ ကျနော်တို့ အမြန်ဆုံးလက်မှတ်ရေးထိုးသွားပါမယ်။”

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် နိုဝင်ဘာလက ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နှစ်နိုင်ငံသဘောတူညီချက်ထဲမှာ UNHCR ကို သင့်တော်တဲ့အချိန်မှာ ပါဝင်ခွင့်ပြုဖို့ မြန်မာအစိုးရဘက်က သဘောတူထားပြီး လက်ရှိအချိန်ဟာ ပါဝင်သင့်တဲ့ အချိန်ရောက်ပြီလို့ ယူဆတဲ့အတွက် ပါဝင်နိုင်ဖို့ စီစဉ်ဆောင်ရွက်တာ ဖြစ်တယ်လို့ ပြောပါတယ်။

UNHCR ရဲ့ ရုံးခွဲတွေကို ရခိုင်ပြည်နယ်အတွင်းက စစ်တွေ၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ ဖွင့်လှစ်ထားပြီး MOU လက်မှတ်ရေးထိုးပြီးတဲ့အချိန်မှာ အဲဒီရုံးခွဲတွေက တာဝန်ရှိသူတွေဟာ ပါဝင်ဆောင်ရွက်ခွင့် ရမယ်လို့ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာနိုင်ငံကို ပြန်လာလိုတဲ့ဒုက္ခသည်စာရင်းကို ပထမအသုတ်အနေနဲ့ လူဦး ရေ ၈၀၀၀ ကျော်ပေးပို့ခဲ့ပြီး အဲဒီထဲက လူဦးရေ ၅၀၀ ကို မြန်မာဘက်က စိစစ်ပြီး ပြန်လာခွင့်ပြုထား ပါတယ်။

ဒါ့အပြင် ဟိန္ဒူဒုက္ခသည် ဦးရေ ၄၀၀ ကျော်ကို  မြန်မာအစိုးရဘက်က စိစစ်ပြီး ပြန်လာခွင့်ပြုထားပေမယ့် လက်ရှိအချိန်အထိ ပြန်လာသူတစ်ဦးမှ မရှိသေးဘူးလို့ ပြောပါတယ်။

ဒါပမဲ့ ခမီ၊ ဒိုင်းနက် စတဲ့ တိုင်းရင်းသားတွေထဲကတော့ ပြန်လာတာတွေရှိနေပြီလို့ ဦးမြင့်သူ က ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org