မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ကို စုံစမ်းစစ်ဆေးဖို့ JFM တိုက်တွန်း
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ဟာ Energy Transition Minerals (ETM) ကုမ္ပဏီအတွက် မဟာဗျူဟာအကြံပေးအဖြစ် ခန့်အပ်ခံထားရတယ်လို့ ဆိုပါတယ်။
-
RFA Burmese
2025-03-09 -
-
-
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ဟာ တရုတ်နဲ့ဆက်နွှယ်နေတဲ့ မြန်မာစီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီး အကျိုးစီးပွားပဋိပက္ခတွေရှိနိုင်တာကြောင့် ကုလသမဂ္ဂအနေနဲ့ စုံစမ်းစစ်ဆေးဖို့ Justice For Myanmar(JFM) က မတ်လ ၉ ရက်နေ့က တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ဟာ Energy Transition Minerals (ETM) အပါအဝင် စီးပွားရေးလုပ်ငန်းတွေမှာ ပတ်သက်ဆက်နွှယ်နေပြီး ETM ကုမ္ပဏီအတွက် မဟာဗျူဟာအကြံပေးအဖြစ်လည်း ခန့်အပ်ခံထားရတယ်လို့ ဆိုပါတယ်။ အဲဒီအတွက် မြန်မာနိုင်ငံနဲ့ ပတ်သက်မှုရှိနေတဲ့ တရုတ်နိုင်ငံပိုင်ကုမ္ပဏီတွေနဲ့ ဆက်နွယ်နေတဲ့ ဂရင်းလန်းဒေသမှာရှိတဲ့ ယူရေနီယမ်နဲ့ မြေရှားသတ္တုတူးဖော်ရေးစီမံကိန်းအတွက် အကြံပေးဖို့ဖြစ်တယ်လို့ JFM က ထုတ်ပြန်ထားပါတယ်။
ဂရင်းလန်းအနောက်တောင်ဒေသမှာရှိတဲ့ ETM ကုမ္ပဏီရဲ့ Kvanefjeld သတ္တုတူးဖော်ရေးစီမံကိန်းကို သဘာဝပတ်ဝန်းကျင်နဲ့ ကျန်းမာရေးဆိုင်ရာစိုးရိမ်ဖွယ်ရာကြောင့် ဒေသခံလူထုက ဆန့်ကျင်ထားပြီး ၂၀၂၁ ခုနှစ်မှာ ဂရင်းလန်းအစိုးရက ယူရေနီယံတူးဖော်တာကို ပိတ်ပင်ပြဌာန်းလိုက်ပြီးတဲ့နောက် အဲဒီစီမံကိန်းကိုလည်း ရပ်ဆိုင်းထားခဲ့ရတာဖြစ်ပါတယ်။
အဲဒီအတွက် သတ္တုတူးဖော်ရေးကဏ္ဍမှာ ဂျူလီဘစ်ရှော့ရဲ့ ပါဝင်ပတ်သက်မှု တရုတ်ကုမ္ပဏီတွေနဲ့ ဆက်နွယ်မှုတွေဟာ ကျင့်ဝတ်ပိုင်းဆိုင်ရာ စောင့်ထိန်းလိုက်နာနိုင်မှုနဲ့ တာဝန်ကို အောင်မြင်စွာ ထမ်းဆောင်နိုင်မှုအပေါ် စိုးရိမ်ဖွယ်ဖြစ်တယ်လို့လည်း JFM က ထောက်ပြထားပါတယ်။
ဒါကြောင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိူ ဂူတာရက်စ်အနေနဲ့ ဂျူလီဘစ်ရှော့ရဲ့ စီးပွားရေးလုပ်ငန်းတွေက အကျိုးစီးပွားပဋိပက္ခတွေကို စုံစမ်းစစ်ဆေးပေးဖို့ Justice For Myanmar က တောင်းဆိုထားပါတယ်။
ဒါ့အပြင် ETM ရဲ့ အကျိုးတူစီးပွားရေးပူးပေါင်းမိတ်ဖက်တွေဟာ မြန်မာနိုင်ငံ ဆက်နွယ်မှုတွေရှိနေပြီး မြေရှားသတ္တုကို တူးဖော်သူ၊ သန့်စင်ချက်လုပ်သူနဲ့ ရောင်းချသူ ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Shenghe Resources ကော်ပိုရိတ်ထုတ်ပြန်ချက်တွေမှာ မြန်မာနိုင်ငံက မြေရှားသတ္တုတွေကို ရယူနိုင်ကြောင်း ဖော်ပြထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နောက်ထပ်အကျိုးတူပူးပေါင်းလုပ်ကိုင်နေတဲ့ China Communications Construction Company (CCCC) ကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံတွင် အသက်ဝင်ဆဲဖြစ်ပြီး တရုတ်-မြန်မာစီးပွားရေးစင်္ကြန် စီမံကိန်းတွေနဲ့ ဆက်နွှယ်နေတယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံက မြန်မာစစ်အုပ်စုရဲ့ အကြီးဆုံးစစ်လက်နက်ရောင်းချတဲ့နိုင်ငံတစ်ခုဖြစ်ပြီး မြန်မာစစ်အုပ်စုအတွက် သတ္တုတူးဖော်ရေးကဏ္ဍအပါအဝင် အရေးပါတဲ့ အခွန်ဝင်ငွေရင်းမြစ်တွေကိုလည်း ပေးနေတယ်လို့ ဆိုထားပြီး မြန်မာစစ်ကောင်စီထံ စစ်လက်နက်နဲ့ ဘဏ္ဍာငွေတွေ ပေးနေရာကနေ တရုတ်အစိုးရက လက်ရှိကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေမှာ အားပေးအားမြှောက်လုပ်နေကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အဖြစ် ဂျူလီဘစ်ရှော့ကို ၂၀၂၄ ခုနှစ် ဧပြီလ ခန့်အပ်ခံခဲ့တာဖြစ်ပါတယ်။ ရာထူးခန့်အပ်ချက်အရ မြန်မာနိုင်ငံတွင်း အကျပ်အတည်းတွေကို ဖြေရှင်းဆောင်ရွက်ရမှာဖြစ်ပြီး ဂျူလီဘစ်ရှော့အနေနဲ့ ဒီမိုကရေစီဘက်သားတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ ထိခိုက်နစ်နာရတဲ့ ရပ်ရွာလူထုတွေနဲ ထိတွေ့ဆက်ဆံရာမှာ ယုံကြည်မှုနဲ့ သမာသမတ်ရှိဖို့အတွက် အလွန်အရေးပါတယ်လို့လည်း JFM က ထောက်ပြပြောဆိုထားပါတယ်။