လုံခြုံရေးကောင်စီဆုံးဖြတ်ချက်တွေ အကောင်အထည်ပေါ်အောင်လုပ်မယ်လို့ ကုလကိုယ်စားလှယ်သစ်ပြော
မစ္စ ဘိရှော့ပ်တာဝန်ပေးခံရတာကို ဂုဏ်ယူဝမ်းမြောက်ကြောင်း အမေရိကန်အပါအဝင် တခြားအနောက်နိုင်ငံတွေကလည်း ကြိုဆိုကြောင်း ထုတ်ပြန်ထားပါတယ်။
-
RFA Burmese
2024-04-07 -
-
-
ကုလသမဂ္ဂလုံခြုံရေးကောင်စီက ချမှတ်ထားတဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်တွေ အကောင်အထည်ပေါ် ပြီးမြောက်အောင် ကူညီလုပ်ဆောင်သွားမယ်လို့ ကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်သစ် မစ္စဂျူလီဘိရှော့ပ် (Ms. Julie Bishop) က ပြောဆိုလိုက်ပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က သူ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စဂျူလီဘိရှော့ပ်ကို ခန့်အပ်လိုက်ကြောင်း ဧပြီလ ၅ ရက်နေ့မှာ ကြေညာပါတယ်။
အခုလိုတာဝန်ပေးခံရတဲ့အတွက် အထူး ဂုဏ်ယူဝမ်းမြောက်ကြောင်း သူ့အနေနဲ့ ကုလသမဂ္ဂအထွေထွေညီလာခံက ပေးအပ်လိုက်တဲ့ လုပ်ပိုင်ခွင့်တာဝန်တွေနဲ့ ၂ဝ၂၂ ခုနှစ် ဒီဇင်ဘာလက ချမှတ်ထားတဲ့ ကုလလုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်တွေ အောင်မြင်အောင် ကူညီသွားမယ်လို့ လူမှုကွန်ရက်စာမျက်နှာကနေ ပြောဆိုလိုက်တာပါ။
မစ္စ ဘိရှော့ပ်ဟာ ဩစတြေးလျလွှတ်တော်မှာ အနှစ် ၂၀ ကြာ တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးဖြစ်ပြီး လက်ရှိမှာ ဩစတြေးလျအမျိုးသားတက္ကသိုလ်ရဲ့ အဓိပတိအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါတယ်။
သူဟာ နိုင်ငံတကာပြဿနာတွေကို ညှိနှိုင်းဖြေရှင်းရာမှာ ဦးဆောင်ပါဝင်ခဲ့သူတစ်ဦးဖြစ်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။
မစ္စ ဘိရှော့ပ်တာဝန်ပေးခံရတာကို ဂုဏ်ယူဝမ်းမြောက်ကြောင်း အမေရိကန်အပါအဝင် တခြားအနောက်နိုင်ငံတွေကလည်း ကြိုဆိုကြောင်း ထုတ်ပြန်ထားပါတယ်။
ကုလလုံခြုံရေးကောင်စီဟာ ၂ဝ၂၂ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့က မြန်မာ့အရေးနဲ့ပတ်သက်ပြီး ပထမဆုံး ဆုံးဖြတ်ချက်တစ်ရပ်ချခဲ့ပေမဲ့ စစ်ကောင်စီဘက်က လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ ပြည်သူလူထုတွေကို အကြမ်းဖက်မှုတွေ ဆက်ကျူးလွန်နေတယ်လို့ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတချို့က ထောက်ပြထားကြပါတယ်။
အဲဒီဆုံးဖြတ်ချက်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့၊ အာဆီယံနဲ့ ရထားတဲ့ သဘောတူညီချက်တွေကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့နဲ့ မြန်မာပြည်သူတွေရဲ့ မဲဆန္ဒကို လေးစားလိုက်နာဖို့၊ လူ့အခွင့်အရေးနဲ့ တာဝန်ခံမှု စံနှုန်းတွေကို လိုက်နာဖို့၊ လူသားချင်းစာနာမှု အကူအညီတွေကို အကန့်အသတ်မရှိ ခွင့်ပြုပေးဖို့နဲ့ မတရားဖမ်းဆီးထိန်းသိမ်း ထားသူတွေကို ပြန်လွှတ်ပေးဖို့ စတဲ့အချက်တွေပါဝင်ပါတယ်။