ပြည်ပရောက်မြန်မာတွေကို နေရပ်ပြန်မပို့ဖို့ ကုလမဟာမင်းကြီးတောင်းဆို

နိုင်ငံတွင်းမတည်ငြိမ်တဲ့အပြင် အကြမ်းဖက်တာတွေလည်း များနေတာကြောင့် ဒီအချိန်မှာ ဘယ်သူ့ကိုမှ နေရပ်ပြန် မပို့သင့်ဘူးလို့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးကပြောပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türk။ Photo: UN

ပြည်ပရောက် မြန်မာနိုင်ငံသားတွေကို အတင်းအကြပ် နေရပ်ပြန်ပို့နေတာတွေ ချက်ချင်းရပ်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türk က တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတွင်းမတည်ငြိမ်တဲ့အပြင် အကြမ်းဖက်တာတွေလည်း များနေတာကြောင့် ဒီအချိန်မှာ ဘယ်သူ့ကိုမှ နေရပ်ပြန် မပို့သင့်ဘူးလို့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးကပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မလေးရှားအစိုးရက သူတို့နိုင်ငံမှာ ခိုလှုံခွင့်တောင်းထားတဲ့ မြန်မာနိုင်ငံသား ၁ဝဝ ကျော်ကို နေရပ်ပြန်ပို့ခဲ့တာနဲ့ ပတ်သက်လို့ အခုလိုပြောဆိုတာဖြစ်ပါတယ်။

မြန်မာပြည် အခြေအနေမကောင်းမချင်း သက်ဆိုင်ရာနိုင်ငံ အစိုးရတွေအနေနဲ့ ခိုလှုံခွင့်တောင်းထားတဲ့ မြန်မာတွေကို တရားဝင် အသိအမှတ်ပြု နေထိုင်ခွင့်ပေးဖို့လည်း မဟာမင်းကြီးက တောင်းဆိုပါတယ်။

အထူးသဖြင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ စစ်ကောင်စီကို ဆန့်ကျင်ပြီး တပ်ကထွက်ပြေးလာသူတွေကို အစောင့်အရှောက်ပေးဖို့လည်း သူက တောင်းဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံကနေ ပြည်ပကို ထွက်ပြေးလာတဲ့ ဒုက္ခသည် အနည်းဆုံး ခုနစ်သောင်းရှိပြီးတော့ ပြည်တွင်းမှာ ထွက်ပြေးနေတဲ့ ဒုက္ခသည်က တစ်သန်းကျော်ရှိတယ်လို့ ကုလသမဂ္ဂကပြောပါတယ်။ ဒ့ါအပြင် စစ်အာဏာသိမ်းမှုမတိုင်ခင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ထွက်ပြေးရတဲ့ ဒုက္ခသည် တစ်သန်းရှိတယ်လို့ ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org