မြန်မာမှာ အကြမ်းဖက်မှုတွေ တိုးပွားလာနေတဲ့အပေါ် ကုလ သတိပေး
လက်ရှိမှာ စစ်တပ်က ပြန်ပေးဆွဲထားတဲ့ ကလေး အနည်းဆုံး ၆၁ ဦးရှိပြီး ဒီနှစ်အတွင်း ကာကွယ်ဆေး ထိုးခွင့်မရလို့ သေဆုံးရတဲ့ ကလေး သုံးသောင်းသုံးထောင်လောက်အထိ ရှိလာနိုင်တယ်လို့ မြန်မာဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews က ပြောဆိုပါတယ်။
- 2022-06-30
-
-
-
အာဏာသိမ်းစစ်ကောင်စီက သူ့ရဲ့အာဏာကို ဆုပ်ကိုင်ထားနိုင်ဖို့အတွက်၊ အကြမ်းဖက်မှု တွေ ပိုတိုးကျူးလွန်နေကြောင်း မြန်မာဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews က ဇွန်လ ၃၀ ရက် ဒီကနေ့ သတိပေး ပြောကြားလိုက်ပါတယ်။
နိုင်ငံတကာအနေနဲ့ မြန်မာ အာဏာသိမ်း စစ်တပ်ခေါင်းဆောင်တွေအပေါ် အရေးယူ ဆောင်ရွက်ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။ စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေ၊ လူအစုအပြုံလိုက် သတ်ဖြတ်မှုတွေနဲ့ လူ့အခွင့်အရေး ကျယ်ကျယ်ပြန့်ပြန့် ချိုးဖောက်မှုတွေကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို တင်ပြခဲ့ပြီးဖြစ်တယ်။
လိုအပ်တာတွေ ဆောင်ရွက်ဖို့ ပျက်ကွက်တာဟာ၊ လူထုအတွက် ပြင်မရတဲ့ ထိခိုက်မှု တွေကို ပေါ်ပေါက်စေပြီး၊ အရေအတွက် မသိနိုင်တဲ့ ပြည်သူတွေအတွက် သေမိန့် ချလိုက်သလို ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
မြန်မာ့လက်ရှိ အခြေအနေဟာ လွန်ခဲ့တဲ့သုံးလ သူ့ရဲ့ နောက်ဆုံး အစီရင်ခံစာထက် ပိုမို ဆိုးရွားနေတယ်လို့လည်း ဆိုပါတယ်။ လက်ရှိ စစ်ဗိုလ်ချုပ်တွေဟာ နိုင်ငံရေးအတိုက်အခံ တွေကို အရှိန်မြှင့် တိုက်ခိုက်နေပြီး၊ ကလေးသူငယ်တွေ အပါအဝင် အရပ်ဘက် ပြည်သူ နှစ်ထောင်ကျော်ကို သတ်ဖြတ်၊ တစ်သောင်းတစ်ထောင်ကျာ်ကို ထင်သလို ဖမ်းဆီး အကျဉ်းချထားပါတယ်။
စစ်ကောင်စီ တပ်တွေကလည်း ဂျက်တိုက်လေယာဉ်တွေနဲ့ ကျေးရွာတွေကို ဗုံးကြဲ တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။ ဒီလုပ်ရပ်တွေဟာ စစ်ရာဇဝတ်မှုနဲ့ လူသားအဖြစ် ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်တာဖြစ်တယ်လို့ Tom Andrews က ပြောပါတယ်။
ပဋိပက္ခအတွင်း ကလေးငယ် နှစ်သိန်းခွဲကျော် နေရာရွှေ့ပြောင်းခဲ့ရပြီး၊ ရာနဲ့ချီ သေဆုံးခဲ့ရ၊ ၁၄၀၀ ကျော် ဖမ်းဆီးခံခဲ့ရ နှိပ်စက်ညှဉ်းပမ်း ခံခဲ့ရပါတယ်။
လက်ရှိမှာ စစ်တပ်က ပြန်ပေးဆွဲထားတဲ့ ကလေး အနည်းဆုံး ၆၁ ဦးရှိပြီး ဒီနှစ်အတွင်း ကာကွယ်ဆေး ထိုးခွင့်မရလို့ သေဆုံးရတဲ့ ကလေး သုံးသောင်းသုံးထောင်လောက်အထိ ရှိလာနိုင်တယ်လို့ မြန်မာဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews က ပြောဆိုပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေနဲ့ မြန်မာနိုင်ငံအတွက် ဆုံးဖြတ်ချက်ကို ထည့်သွင်း စဉ်းစားရမှာဖြစ်ပြီး အာဆီယံနိုင်ငံတွေကိုလည်း စစ်ကောင်စီခေါင်းဆောင်တွေကို စီးပွားရေး၊ သံတမန်ရေး ပိတ်ဆို့ဖို့လည်း Tom Andrews က တိုက်တွန်းလိုက်ပါတယ်။