မြန်မာ့အရေး ကုလအထွေထွေညီလာခံဆုံးဖြတ်ချက် နိုင်ငံအများစု ထောက်ခံမဲပေးအတည်ပြု
သောကြာနေ့က ကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံက မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းမှုကို ပြစ်တင်ရှုတ်ချလိုက်ပြီး စစ်ကောင်စီကို တကမ္ဘာလုံးက ဆန့်ကျင်ကြောင်း ပြသတဲ့အနေနဲ့ လက်နက်ရောင်းချတာ ပိတ်ပင်ဖို့နဲ့ တိုင်းပြည်ရဲ့ ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်နိုင်ရေးအတွက်လည်း တောင်းဆိုလိုက်ပါတယ်။
- 2021-06-18
-

ဒီဆုံးဖြတ်ချက်ကို ညီလာခံမှာ အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၃ နိုင်ငံထဲက ၁၁၉ နိုင်ငံက ထောက်ခံမဲ ပေးပြီး အတည်ပြုခဲ့ကြပါတယ်။ ဒီအထဲက ၃၆ နိုင်ငံက ကြားနေအဖြစ် မဲပေးခဲ့ကြပြီး ဘီလာရုစ်နိုင်ငံကတော့ ကန့်ကွက်မဲပေးခဲ့ပါတယ်။
ဒီဆုံးဖြတ်ချက်ဟာ ဥရောပသမဂ္ဂနဲ့ အနောက်နိုင်ငံတွေအပါအဝင် အာဆီယံအဖွဲ့အကြား ဆွေးနွေးညှိနှိုင်းမှု ရလဒ်အဖြစ် ပေါ်ထွက်လာခဲ့တာပါ။ ကုလသံတမန်တဦးရဲ့ ပြောကြားချက်အရ မူလက အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ အတူတကွ သဘောတူညီကြဖို့ ရှိပေမယ့် မဲပေးရာမှာတော့ အင်ဒိုနီးရှားနဲ့ ဗီယက်နမ်နိုင်ငံက ထောက်ခံမဲ ပေးခဲ့ကြပြီး ထိုင်းနဲ့ လာအို အပါအဝင် တခြားအဖွဲ့ဝင်နိုင်ငံတွေက ကြားနေအဖြစ် မဲပေးခဲ့ပါတယ်။
အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ကုလသမဂ္ဂအထွေထွေညီလာခံက ချမှတ်တဲ့ ဒီဆုံးဖြတ်ချက်ကို မဖြစ်နေ လိုက်နာဆောင်ရွက်ဖို့ မလိုအပ်ပေမယ့် နိုင်ငံတကာကနေ ထောက်ခံမဲ အများစု ရရှိသွားတာကြောင့် မြန်မာနိုင်ငံအရေး ရှေ့ဆက်ဆောင်ရွက်မယ့် လုပ်ငန်းတွေမှာ အထောက်အကူရရှိစေမှာ ဖြစ်ပါတယ်။