ကျောင်းမတက်နိုင်တဲ့ကလေး ရှစ်သန်းနီးပါးရှိကြောင်း Save the children အဖွဲ့ထုတ်ပြန်

စာသင်ကျောင်းပြင်ပရောက်နေတဲ့ ကလေးငယ် သန်းပေါင်းများစွာကို ကျောင်းပြန်တက်နိုင်အောင် မလုပ်ပေးနိုင်ရင် အဓမ္မလုပ်အားပေးခိုင်းစေမှုအပါအဝင် ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျသွားတာတွေ ဖြစ်နိုင်ကြောင်း သတိပေးထားပြီး၊ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့လည်း စာသင်ကျောင်းတွေကို တိုက်ခိုက်မှုတွေ လုံးဝရပ်တန့်ဖို့ Save the children က တောင်းဆိုထားပါတယ်။

၂ဝ၂၁ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့က ကယားပြည်နယ် ဒီးမော့ဆိုက စစ်ဘေးရှောင်စခန်းတစ်ခုတွင် စာသင်ကြားနေကြသော ကလေးငယ်များအားတွေ့ရစဉ်။ Photo: AFP

ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်ရော စစ်တပ်အာဏာသိမ်းပြီနောက်ပိုင်း ပြဿနာတွေကြောင့်ပါ ကျောင်းတွေပိတ်ထားလို့ ကျောင်းမတက်နိုင်တဲ့ ကလေးအရေအတွက် နှစ်ဆတိုးသွားပြီး တချို့ဒေသတွေမှာ ကျောင်းအပ်နှံမှု ၈၀ ရာခိုင်နှုန်းအထိ လျော့ကျသွားတယ်လို့ Save the children အဖွဲ့က ဒီနေ့ဇွန်လ ၁ ရက်မှာပဲ ထုတ်ပြန်လိုက်ပါတယ်။ အခုအချိန်မှာ ကလေး ၇.၈ သန်းလောက် ကျောင်းပြင်ပရောက်နေတယ်လို့ ပြောပါတယ်။ 

ပြီးခဲ့တဲ့ နှစ်အတွင်းမှာ စာသင်ကျောင်းတွေ၊ ဆရာတွေနဲ့ ကျောင်းသားတွေ တိုက်ခိုက်ခံရတဲ့ ဖြစ်ရပ်တွေကြောင့် ကျောင်းသားအများစုဟာ ကျောင်းမလာရဲကြတာ ဖြစ်ပြီး၊ အချို့ဒေသတွေမှာ ကျောင်းအဆောက်အဦးမရှိတော့တာကြောင့်လို့လည်း ကြေညာချက်မှာ ပါရှိပါတယ်။

၂၀၂၁ ခုနှစ် မေလကနေ အခုနှစ် ဧပြီလအထိ ကာလအတွင်းမှာ စာသင်ကျောင်းတွေမှာ တိုက်ခိုက်မှု အကြိမ် ၂၆၀ ရှိခဲ့ပြီး၊ ဒီအထဲက ကျောင်း ၁၉၀ ဟာ စာသင်ကျောင်းအတွင်းနဲ့ အနီးပတ်ဝန်းကျင်မှာ ပေါက်ကွဲမှုဖြစ်ခဲ့တာ ဖြစ်ကြောင်း၊ အလားတူပဲ စာသင်ကျောင်းအတွင်း ဖောက်ခွဲရေးပစ္စည်းတွေ့ရှိမှု လေးကြိမ်၊ စာသင်ကျောင်းအဆောက်အဦးတွေ မီးရှို့ခံရမှု ၃၃ ကြိမ်၊ ဆရာနဲ့ ပညာရေးဝန်ထမ်းတွေကို တိုက်ရိုက်တိုက်ခိုက်မှု ၁၀ ကြိမ်၊ အခုနှစ် မတ်လနဲ့ မေလအတွင်းမှာတင် စာသင်ကျောင်းတွေကို လက်နက်ကိုင်တပ်ဖွဲ့တွေက သိမ်းပိုက်ပြီး ဝင်ရောက်တပ်စွဲမှု ၁၀ ကြိမ်ရှိခဲ့ကြောင်း Save the Children ရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။

စာသင်ကျောင်းပြင်ပရောက်နေတဲ့ ကလေးငယ် သန်းပေါင်းများစွာကို ကျောင်းပြန်တက်နိုင်အောင် မလုပ်ပေးနိုင်ရင် အဓမ္မလုပ်အားပေးခိုင်းစေမှုအပါအဝင် ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျသွားတာတွေ ဖြစ်နိုင်ကြောင်း သတိပေးထားပြီး၊ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့လည်း စာသင်ကျောင်းတွေကို တိုက်ခိုက်မှုတွေ လုံးဝရပ်တန့်ဖို့ Save the children က တောင်းဆိုထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org