ဒုက္ခသည်စခန်းတွေကို လွတ်လပ်စွာ သွားရောက် ကူညီခွင့်ပေးဖို့ ဗြိတိန်တိုက်တွန်း

ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့ ထိန်းချုပ် နယ်မြေမှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်းအားလုံးကို ကုလသမဂ္ဂ အဖွဲ့အစည်းတွေအပြင် နိုင်ငံတကာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ ပြည်တွင်း လူသားချင်း စာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေ လွတ်လွတ်လပ်လပ် သွားလာကူညီခွင့်ပေး ဖို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Andrew Patrick က ကချင်ပြည်နယ်အစိုးရကို တောင်းဆို လိုက်ပါတယ်။

KIA ဖမ်းဆီးထားတဲ့ ဒေသခံရှမ်းတိုင်းရင်းသားများ ကို ပြန်လွှတ်ပေးဖို့ မြစ်ကြီးနားမြို့ ဓမ္မရက္ခိတ ဝန်းသိုကျောင်း တိုက်မှာ ရှမ်းတိုင်းရင်းသားများက ဒီဇင်ဘာလ ၂ဝ ရက်နေ့ ကတောင်းဆိုရာ ဗြိတိသျှသံအမတ်ကြီး လာရောက်တွေ့ဆုံစဉ်

ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့ ထိန်းချုပ်နယ်မြေမှာရှိတဲ့ စစ်ဘေးဒုက္ခသည် စခန်းအားလုံးကို ကုလသမဂ္ဂ အဖွဲ့အစည်းတွေအပြင် နိုင်ငံတကာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ ပြည်တွင်းလူသားချင်း စာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေ လွတ်လွတ်လပ်လပ် သွားလာကူညီခွင့်ပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန် သံအမတ်ကြီး Andrew Patrick က ကချင်ပြည်နယ် အစိုးရကို တောင်းဆိုလိုက်ပါတယ်။

ကချင်ပြည်နယ်အစိုးရနဲ့ တွေ့ဆုံရာမှာ ဗြိတိသျှသံအမတ်ကြီးက Mr. Patrick က ဆွေးနွေးခဲ့တာဖြစ်ကြောင်း သံအမတ်ကြီးနဲ့အတူ လိုက်ပါသွားတဲ့ ဗြိတိသျှသံရုံး ဒုတိယအတွင်းဝန် Mr. Joe Fisher က ပြောပါတယ်။

"ကေအိုင်အို ထိန်းချုပ်နယ်မြေကို UN ဖြစ်ဖြစ်၊ INGO တွေဖြစ်ဖြစ်၊ NGO တွေဖြစ်ဖြစ် လွတ်လွတ်လပ်လပ် ခရီးသွားခွင့်ရှိဖို့ အရေးကြီးပါတယ်၊ အဲဒီကိစ္စကို သံအမတ်ကြီးက ကချင်ပြည်နယ် အာဏာပိုင်တွေနဲ့ ဆွေးနွေးခဲ့ပါတယ်၊ ဆွေးနွေးတဲ့အခါမှာ ကချင်ပြည်နယ် အစိုးရက ကချင်ပြည်နယ်မှာရှိတဲ့ ပြည်သူတွေအားလုံးကို ထောက်ထားဖို့ ကူညီပေးဖို့ များစွာရှိပါတယ်လို့ ပွင့်ပွင့်လင်းလင်းပြောတယ်"

ဒါ့အပြင် ကချင်ပြည်နယ် မန်စီမြို့နယ်မှာ ပြီးခဲ့တဲ့ သတင်းပတ်တွေအတွင်း ကေအိုင်အေတပ်တွေက ဖမ်းဆီးသွားခဲ့တဲ့ ဒေသခံရှမ်းတိုင်းရင်းသားတွေကို လွှတ်ပေးဖို့တောင်းဆိုနေကြတဲ့ ရှမ်းမျိုးနွယ်စု လူထုအစည်းအဝေးကိုလည်း ဗြိတိသျှသံအမတ်ကြီးက သွားရောက်ခဲ့ပါတယ်။

ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေအတွက် ဗြိတိသျှအစိုးရက ဒေါ်လာသန်း ၂၀ ကူညီဖို့ စီစဉ်ထားပြီး အခုလက်ရှိ ဒေါ်လာ ၁၀ သန်း ထောက်ပံ့ပြီးဖြစ်တယ်လို့လည်း ဗြိတိသျှသံရုံး ဒုတိယအတွင်းဝန်က ပြောပါတယ်။

ဗြိတိန်သံအမတ်ကြီးရဲ့ ကချင်ပြည်နယ် ခရီးစဉ်နဲ့ပတ်သက်လို့ ဗြိတိသျှသံရုံး ဒုတိယအတွင်းဝန် Joe Fisher ကို RFA သတင်းထောက် မဇင်မာဝင်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org