၂၁ ပင်လုံညီလာခံမှာ နိုင်ငံရေး ပါတီ အားလုံးပါဝင်ခွင့် ရဖို့ ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြ
ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ အနိုင်မရခဲ့ တဲ့ နိုင်ငံရေးပါတီတွေ ၂၁ ရာစု ပင်လုံ ညီလာခံမှာ ပါဝင်ခွင့် မရရှိခဲ့တဲ့အတွက် ဖြေရှင်းဆောင်ရွက်ပေးဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ထံ နိုင်ငံရေးပါတီတချို့က ဒီနေ့ တင်ပြခဲ့ကြပါတယ်။
-
2016-10-24 -
-
-
ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ အနိုင်မရခဲ့တဲ့ နိုင်ငံရေးပါတီတွေ ၂၁ ရာစု ပင်လုံညီလာခံမှာ ပါဝင်ခွင့် မရရှိခဲ့တဲ့ အတွက် ဖြေရှင်းဆောင်ရွက်ပေးဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ နိုင်ငံရေးပါတီတချို့က ဒီနေ့ တင်ပြခဲ့ကြပါတယ်။
ဒီကနေ့ နေပြည်တော်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံပွဲမှာ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ ဒုတိယဥက္ကဌ ဦးကြီးမြင့်က တင်ပြခဲ့တာ ဖြစ်ပါတယ်။
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီတို့ကလည်း ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ အနိုင်မရတဲ့ ပါတီတွေ ပါဝင်ခွင့်ရဖို့ကို ဆွေးနွေးတင်ပြခဲ့ကြပါတယ်။
အရင်အစိုးရလက်ထက်က ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ နိုင်ငံရေးပါတီအားလုံး ပါဝင်ခွင့်ပေးထားပေမယ့် အခု အစိုးရသစ် လက်ထက်မှာတော့ ရွေးကောက်ပွဲ အနိုင်ရပါတီတွေကိုသာ ကိုယ်စားပြုတက်ရောက်ခွင့်ပေးတာဖြစ် ပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီ ၉၀ ကျော် တွေ့ဆုံပွဲမှာ လစ်လပ်နေရာ ၁၉ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့်ကိစ္စကို ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာတဲ့ နိုင်ငံရေးပါ တီခေါင်းဆောင်တွေ ဘက်က မဲပေးချိန် ပြောင်းလဲလိုတာတွေ၊ ကြိုတင်မဲကောက်ယူမယ့် အခြေအနေတွေနဲ့ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တွေနဲ့ ပတ်သက်ပြီး ပြန်လည်ဆွေးနွေးခဲ့ကြပါတယ်။