ဦးတင်ဦး၏ ဧရာဝတီတိုင်းခရီးစဉ် ဒေးဒရဲမြို့မှာအဆုံးသတ်
ဩဂုတ်လ ၂၈ ရက် စနေနေ့ကနေ ဩဂုတ်လ ၃၁ ရက် အင်္ဂါနေ့ အထိ ၄ ရက်ကြာခဲ့တဲ့ NLD ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦးရဲ့ ဧရာဝတီတိုင်း စည်းရုံးရေးခရီးစဉ် ပြီးဆုံးသွားပြီ ဖြစ်ပြီး သြဂုတ် ၃၁ ရက် ဒီကနေ့ည ရန်ကုန်မြို့ကို ပြန်လည် ရောက်ရှိမယ်လို့ သိရပါတယ်။
-
2010-08-31 -
-
-
၄ ရက်ကြာ ဧရာဝတီခရီးစဉ်အတွင်း ပုသိမ်၊ ကျုံပျော်၊ ပန်းတနော်၊ မအူပင်၊ ဘိုကလေးနဲ့ ဒေးဒရဲမြို့တွေကို သွားရောက်ကာ ထောင်နဲ့ချီတဲ့ NLD ပါတီဝင် တွေအပြင် ပါတီဝင်မဟုတ်တဲ့ တခြားပြည်သူတွေနဲ့ပါ တွေ့ဆုံခဲ့ပြီး NLD ပါတီရဲ့ ရပ်တည်ချက်တွေကို ရှင်းပြ ဆွေးနွေးခဲ့ကြောင်းလည်း သိရပါတယ်။
NLD ဒုဥက္ကဋ္ဌ ဦးတင်ဦးရဲ့ ခရီးစဉ်မှာ လိုက်ပါသွားတဲ့ NLD လူငယ်ခေါင်းဆောင် ကိုမြင့်ဌေးက ရန်ကုန်ကို ဒီ ညပြန်ကြမှာ ဖြစ်ကြောင်း ခရီးစဉ်လည်း အောင်မြင်ကြောင်း ဒီကနေ့ညနေပိုင်းမှာ ဒေးဒရဲမြို့ကနေ RFA ကို ပြောဆိုခဲ့ပါတယ်။
“ပုသိမ်မှာ လူ ၁၂၀ လောက် တက်ပါတယ်ခင်ဗျ။ စိတ်ဝင်စားတဲ့ ပြည်သူလူထုလည်း တက်တယ်ခင်ဗျ၊ နောက် အဘတို့ပြောတာကို အားလုံး လက်ခံပါတယ်ခင်ဗျ။ အဘတို့ ရှင်းပြတော့ နားလည် သဘောပေါက်ပြီးတော့ ဝိုင်းပြီးတော့ပေါ့လေ၊ ဆောင်ရွက်ဖို့အတွက်ကို အဲ သူတို့လည်း ကြိုးစားမယ်ဆိုတဲ့ သဘောထား ပေးပါတယ်။ ဒီမနက် ဘိုကလေးမှာ ဆွေးနွေးပွဲ လုပ်တယ်၊ ၁၂ နာရီ ၁၅ လောက်မှာ ကျွန်တော်တို့ ဘိုကလေးကနေ ပြန်လာတာ အခု လက်ရှိတော့ ကျွန်တော်တို့ ဒေးဒရဲကို ရောက်နေတယ်နော်၊ ဒေးဒရဲကနေ ကျွန်တော်တို့ ကွမ်းခြံကုန်း၊ ကော့မှူးကနေပြီးတော့ တခါတည်း ဒါရိုက် ရန်ကုန်ကို ပြန်မှာခင်ဗျ။ ဝင်နှောင့်ယှက်တာ၊ ဟန့်တာ၊ တားတာတွေတော့ ဘာမှ မရှိဘူးခင်ဗျ။ အဝေးကနေတော့ သူတို့ ဓာတ်ပုံရိုက်တာတို့၊ မှတ်တမ်းတင်တာတို့ ဘာတို့တော့ ရှိတယ်ပေါ့။”
NLD ဒုဥက္ကဋ္ဌ ဦးတင်ဦးနဲ့အဖွဲ့ဟာ ဧရာဝတီတိုင်းအတွင်းမှာ ဩဇာတိတ္ကမကြီးတဲ့ ဘုန်းတော်ကြီးကျောင်းက ဆရာတော်၊ သံဃာတော်တွေကိုလည်း သွားရောက်ကြည်ညိုခဲ့ကြောင်းနဲ့ ပုသိမ်မြို့က ဗိုလ်ချုပ်အောင်ဆန်း ကြေးသွန်းရုပ်တုကိုလည်း သွားရောက် ဂါဝရပြုခဲ့ကြကြောင်း သိရပါတယ်။
NLDဒုဥက္ကဋ္ဌ ဦးတင်ဦးရဲ့ ဧရာဝတီတိုင်း ပါတီစည်းရုံးရေးခရီးစဉ်အတွင်း ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်တွေ ဖြစ်တဲ့ ဦးလှဖေ ဒေါ်လဲ့လဲ့ ၊ ဗဟိုအမျိုးသမီးအဖွဲ့ဝင် ဒေါ်အေးအေးမာ ၊ ဧရာဝတီတိုင်း တာဝန်ခံတွေဖြစ်တဲ့ ဦးဝင်းမြင့်၊ ဦးကြည်ဝင်း၊ ဦးမောင်မောင်ကြီးတို့နဲ့အတူ NLD လူငယ် ခေါင်းဆောင်တွေ အပါအဝင် စုစုပေါင်း ၁၇ ဦး လိုက်ပါသွားခဲ့ပါတယ်။