NLD နာယက သူရဦးတင်ဦး ကျန်းမာရေး ပြန်ကောင်းလာ

NLD နာယက သူရ ဦးတင်ဦးဟာ ကိုဗစ်ရောဂါ ကူးစက်ခံရလို့ ရန်ကုန် ပြည်သူ့ဆေးရုံသစ်မှာ ဆေးကုသခံခဲ့ပြီး ဖေဖော်ဝါရီ ၂၈ ရက်နေ့က ဆေးရုံကနေ ဆင်းခဲ့ပါတယ်။

ဆေးရုံမှဆင်းလာတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD နာယက သူရ ဦးတင်ဦးကို တွေ့ရစဉ် Photo: Thant Zin

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD နာယက သူရ ဦးတင်ဦးဟာ ကိုဗစ်ရောဂါ ကူးစက် ခံလိုက်ရလို့ ရန်ကုန် ပြည်သူ့ဆေးရုံသစ်မှာ ဆေးကုသခံခဲ့ပြီး ဖေဖော်ဝါရီ ၂၈ ရက် မနေ့က ဆေးရုံကနေ ဆင်းနိုင်ခဲ့ပြီလို့ သိရပါတယ်။

သူရ ဦးတင်ဦးဟာ ကျန်းမာရေး ပြန်ကောင်းလာပြီမို့ ဗဟန်းမြို့နယ်က နေအိမ်ကို ပြန်ရောက်နေပြီလို့ ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦးက RFA ကို ပြောပါတယ်။

သူရ ဦးတင်ဦးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်က အိမ်မှာနေရင်း ကိုဗစ်စစ်ဆေးတဲ့ တစ်ခါသုံး ကိရိယာ နဲ့စစ်ဆေးရာ ပိုးကူးစက်ခံလိုက်ရလို့ ဖေဖော်ဝါရီ ၂၈ ရက်အထိ ဆေးရုံမှာ ၁၀ ရက်ကြာ တက်ရောက်ကု သခံခဲ့ရတာ ဖြစ်ပါတယ်။

လာမယ့် မတ်လ ၁၂ ရက်မှာ အသက် ၉၅ နှစ် ပြည့်မှာဖြစ်တဲ့ ဦးတင်ဦးဟာ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်က နေအိမ်က ရေချိုးခန်းထဲ ချော်လဲခဲ့ပြီး လေဖြတ်ဝေဒနာ ခံစားနေရလို့ စကား ကောင်းကောင်း မပြောနိုင်ဘူးလို့လည်း သိရပါတယ်။

သူရ ဦးတင်ဦးဟာ ၁၉၇၄ ခုနှစ် ကနေ ၁၉၇၆ ခုနှစ်အထိ ဗိုလ်ချုပ်ကြီးရာထူးနဲ့ “တပ်မတော် ကာကွယ်ရေးဦးစီးချုပ်” အဖြစ် တာဝန်ယူခဲ့ဖူးသူဖြစ်သလို ၁၉၈၈ ခုနှစ်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို တည်ထောင်ခဲ့သူတွေထဲက တစ်ယောက် အပါအဝင် ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org