ရေနက်ဆိပ်ကမ်း ဆောက်လုပ်ရေး မြန်မာနဲ့ ထိုင်းခေါင်းဆောင်တွေ ကတိပြု

သမ္မတ ဦးသိန်းစိန်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်မှာ ထိုင်းနိုင်ငံနဲ့ တည်ဆောက်နေတဲ့ မြန်မာနိုင်ငံက ထားဝယ် ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန် စီမံကိန်း အောင်မြင်ရေးအတွက် ဆက်လက်အကောင်အထည်ဖော်ဖို့နဲ့ နယ်စပ်ဂိတ်အသစ်တွေ ဖွင့်လှစ်ဖို့ နှစ်နိုင်ငံ ခေါင်းဆောင်တွေ ဒီကနေ့ သဘောတူညီခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။

၂၀၁၂ ခုနှစ် ဇုလိုင်လ ၂၃ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်၌ သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် Ms. Yingluck Shinawatra တို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။ RFA

ထားဝယ် အထူးစီးပွားရေးဇုန် တည်ဆောက်ရေးအတွက် နှစ်နိုင်ငံ နားလည်မှု သဝဏ်လွှာ MOU ကို ဒီကနေ့ လက်မှတ်ရေး ထိုးကြပါတယ်။ ဒီသဘောတူညီချက်မှာ ဒေသလုံခြုံရေး၊ အခြေခံ အဆောက်အဦးတွေ တည်ဆောက်ရေးနဲ့ ဒေသဖွံ့ဖြိုးရေးအတွက် စီမံခန့်ခွဲမှု ဆိုင်ရာတွေကို ထိုင်းနိုင်ငံက ကူညီမယ်ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။

ထားဝယ် ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန် စီမံကိန်းနဲ့ ပတ်သက်လို့ ထိုင်းအစိုးရက ဆက်လက် တာဝန်ယူမှာတွေကို သူ့အနေနဲ့ ထပ်မံကတိပြု ပြောဆိုခဲ့ပါတယ်လို့ ထိုင်းဝန်ကြီးချုပ် မစ္စ ယင်းလပ်က သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံပြီးတဲ့နောက် သတင်းထောက်တွေကို ပြောလိုက်ပါတယ်။

အဲဒီစီမံကိန်းမှာ သံမဏိစက်ရံုံ၊ ရေနံချက်စက်ရုံ တည်ဆောက်ရေးတွေ ပါဝင်ပြီး စက်မှုဇုန် ဧရိယာအဖြစ် စတုရန်းမိုင် ၁၀၀ သတ်မှတ်ထားပါတယ်။ မနေ့ကတော့ သမ္မတ ဦးသိန်းစိန်ဟာ ထားဝယ်နဲ့ ဆက်သွယ်မယ့် ထိုင်းနိုင်ငံ Laem Chabang (လန်ချဘန်း) ရေနက်ဆိပ်ကမ်းကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။

ဒါ့အပြင် ထိုင်း-မြန်မာနှစ်နိုင်ငံကြားမှာ လက်ရှိ ရှိနေတဲ့ နယ်စပ်ဂိတ် ၃ ဂိတ်အပြင် ချင်းမိုင်၊ မယ်ဟောင်ဆောင်နဲ့ ကန်ချနဘူရိ ဒေသတွေမှာ နောက်ထပ် နယ်စပ်ဂိတ်သစ်တွေ ဖွင့်လှစ်ဖို့ကိုလည်း နှစ်နိုင်ငံ ခေါင်းဆောင်တွေ သဘောတူခဲ့ကြတယ်လို့ သိရပါတယ်။

မြန်မာ သမ္မတ ဦးသိန်းစိန်နဲ့ ထိုင်းဝန်ကြီးချုပ် ယင်းလတ် ရှင်နာဝပ်တို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဒီကနေ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့တာကို သတင်းသွားယူခဲ့တဲ့ RFA သတင်းထောက် ဦးအောင်မြတ်စိုးက တင်ပြထားပါတယ်။ နားဆင်ပါ။

တင်ပြချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org