တိုင်းပြည်အကျိုး ဆောင်နိုင်သူတွေကို ပြန်လည်စုစည်းမည်

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ တိုင်းပြည်အတွက် အကျိုးပြုသူတွေကို ပြန်လည်စုစည်းနိုင်ဖို့ အရေးကြီးကြောင်း ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဒီကနေ့ အာအက်ဖ်အေကို ပြောဆိုလိုက်ပါတယ်။

အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ခေါင်းဆောင် ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း ဖြစ်ပါသည်။ RFA

"နိုင်ငံတော်အတွက် အကျိုးရှိမယ်ဆိုရင် အားလုံးလုပ်မှာပဲလေ။ နိုင်ငံတော်အတွက် အကျိုးပြုမဲ့ လူတွေအားလုံးကို ကျွန်တော်တို့ ပြန်စုစည်းတာပေါ့ဗျာ။ ပညာရှင်တွေနဲ့ တည်ဆောက်မှ ရမှာပေါ့။ အဲတာကြောင့် နိုင်ငံခြားမှာ အကြောင်းအမျိုးမျိုးကြောင့် ရောက်နေတဲ့ ပညာရှင်တွေ၊ တတ်သိပညာရှင်တွေ အကုန်လုံးကို ပြန်ပြီးတော့ စုစည်းတာပါဗျာ"

ဝန်ကြီးဦးအောင်မင်းနဲ့အဖွဲ့ဟာ ထိုင်းအခြေစိုက် မြန်မာ့နိုင်ငံရေးနဲ့ လူမှုရေးအဖွဲ့အစည်း စုစုပေါင်း (၁၄)ဖွဲ့နဲ့ တွေ့ဆုံဖို့ရှိပြီး ဒီကနေ့ နေ့လည်ပိုင်းက လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီနဲ့ ဒုတိယအကြိမ် တွေ့ဆုံခဲ့ပါတယ်။

မနက်ဖြန်မှာ မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု (FDB) နဲ့ တွေ့ဆုံမယ့်အပြင် မဲဆောက်မြို့ မယ်တော်ဆေးခန်းကို သွားရောက်ပြီး ဒေါက်တာ စင်သီယာမောင်နဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ သိရပါတယ်။

အခုလို အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့အနေနဲ့ ပြည်ပရောက် နိုင်ငံရေးအင်အားစု အများအပြားနဲ့ တွေ့ဆုံဆွေးနွေးတာဟာ ထူးခြားတဲ့လက္ခဏာဖြစ်တယ်လို့ ငြိမ်းချမ်းရေး အကျိုးဆောင် ဦးညိုအုန်းမြင့်က ပြောပါတယ်။

"နိုင်ငံရေး အင်အားစုတွေနဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း လိုက်ပြီးတော့ တွေ့နေတဲ့ဟာကတော့ မြန်မာနိုင်ငံရဲ့ အချိုးအကွေ့တစ်ခုမှာ ဒီဟာက ထူးခြားတဲ့ လက္ခဏာတစ်ခုလို့ တော့ ကျွန်တော်တို့ ပြောလို့ရတာပေါ့နော်။ တိုင်းပြည်တစ်ခုတည်း ပြန်လည်ထူထောင်ရေး ကိစ္စ၊ နောက်တစ်ခါ တိုင်းရင်းသားတွေရော၊ ဒီမိုကရေစီ အင်အားစု ၈၈ အစရှိတဲ့လူတွေ ပါဝင်သင့်တယ်ဆိုတဲ့ သမ္မတရဲ့မူပေါ်မှာ လိုက်ပြီးဆောင်ရွက်တယ်လို့ ကျွန်တော်ထင်ပါတယ်"

ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီဝင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ အဖွဲ့မှာ လူဝင်မှု ကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီနဲ့အတူ မြန်မာအီးဂရက်စ်အဖွဲ့က ဦးလှမောင်ရွှေနဲ့ ဦးတင်မောင်သန်း တို့လည်း လိုက်ပါလာပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့အဖွဲ့နဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်အဖွဲ့တို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Grand Four Wings ဟော်တယ်မှာ တနင်္လာနေ့ နေ့လည် (၂) နာရီက ဒုတိယအကြိမ်မြောက် တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ဦးအောင်မြတ်စိုးက သတင်း ပေးပို့ထားပါတယ်။

သတင်းပေးပို့ချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org