စစ်ကိုင်းတိုင်းက ရွာနှစ်ရွာမှာ တစ်ရက်အတွင်း အိမ် ၁၃၅ လုံး မီးရှို့ခံရ

စစ်ကိုင်းတိုင်းမှာ ဧပြီ ၂၃ ရက်နေ့က ခင်ဦးမြို့နယ် ရွာသာရွာက အိမ် ၆၅ လုံး၊ အဲဒီရွာရဲ့တောင်ဘက် မိုင် ၄၀ ကျော်ကွာတဲ့ ချောင်းဦးမြို့နယ် အင်းမရွာက အိမ် ၇၀၊ စုစုပေါင်း နေအိမ် ၁၃၅ လုံး မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

စစ်ကောင်စီတပ် ဝင်ရောက်မီးရှို့သွားဖျက်ဆီးသွားသည့် ခင်ဦးမြို့နယ်၊ ရွာသာရွာကို ၂၀၂၂ ခုနှစ် ဧပြီလ ၂၃ ရက်နေ့က တွေ့ရစဉ် Photo: CJ

စစ်ကိုင်းတိုင်းမှာ ဧပြီ ၂၃ ရက်နေ့က ခင်ဦးမြို့နယ် ရွာသာရွာက အိမ် ၆၅ လုံး၊ အဲဒီရွာ ရဲ့တောင်ဘက် မိုင် ၄၀ ကျော်ကွာတဲ့ ချောင်းဦးမြို့နယ် အင်းမရွာက အိမ် ၇၀၊ စုစုပေါင်း နေအိမ် ၁၃၅ လုံး မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ခင်ဦးမြို့နယ်က ရွာသာရွာကို အဲဒီနေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်က လက်နက်တွေနဲ့ ပစ်ခတ်ပြီး စီးနင်းဝင်ရောက်ခဲ့တာကြောင့် ကျေးရွာသားတွေအားလုံး ထွက်ပြေးနေကြ ရတယ်လို့ ရွာသာရွာက ဒေသခံ အမျိုးသမီးတစ်ယောက်က ပြောပါတယ်။

"တစ်ရွာလုံးလိုလိုပဲ ရှောင်နေကြတာ။ အခုတော့ ပြန်မနေရဲကြသေးဘူး။ တောထဲပဲ နေကြတုန်းရှိသေးတယ်။ အခု စစ်တပ်ကတော့ ပြန်သွားပြီ မရှိတော့ဘူးထင်တယ်။ ကင်းပုန်းတွေ၊ ဘာတွေတော့ ရှိတယ်။ အဲဒါကြောင့် ရွာပြန်မကပ်နိုင်ကြသေးတာ"

အိမ်ခြေ ၅၀၀ ကျော်ရှိတဲ့ ရွာသာရွာမှာ စစ်ကောင်စီတပ်သားတွေက အိမ် ၆၅ လုံးခန့်ကို မီးရှို့ဖျက်ဆီးခဲ့ကြသလို ဒေသခံနှစ်ဦးလည်း သေဆုံးခဲ့ရတယ်လို့ ရွာသားတွေက ပြောပါ တယ်။

ဧပြီ ၂၃ ရက်နေ့ မနက်မှာပဲ ချောင်းဦးမြို့နယ်၊ အင်းမရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့ ဝင်ရောက်လာရာကနေ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CHU PDF) တို့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ချောင်းဦး PDF က ဧပြီ ၂၄ ရက် မနေ့က ထုတ်ပြန်ပါတယ်။

အင်အားမမျှတာကြောင့် အင်းမရွာက ဆုတ်ခွာပေးခဲ့ရပြီးနောက် နေအိမ် အလုံး ၇၀ မီးရှို့ ဖျက်ဆီးခံခဲ့ရပြီး ဒေသခံတစ်ယောက် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီဘက်က ထုတ်ပြန်တာလည်း မတွေ့ရသေးပါဘူး။ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ သူတို့အနေနဲ့ ကျေးရွာတွေထဲဝင်ရောက်မှုကို ရှောင်ရှား လေ့ရှိသလို နေအိမ်တွေမီးရှို့တယ်ဆိုတာ စွပ်စွဲချက်တွေသာဖြစ်ကြောင်း တုံ့ပြန်ပြောဆို ထားပါတယ်။

ဧပြီ ၂၅ ရက် ဒီနေ့မှာလည်း မင်းကင်းမြို့နယ်၊ သံပေါက်ရွာကို စစ်ကောင်စီတပ်က ဝင်ရောက်လာပြီးနောက် နေအိမ်တွေ မီးရှို့ခံနေရသလို ဒီနေ့ညနေ ၄ နာရီခွဲအထိ စစ်ကောင်စီတပ်သားတွေ ရွာထဲမှာ ရှိနေဆဲဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org