ဆားလင်းကြီးဒေသခံနှစ်ဦးကို စစ်တပ်က ဓားစာခံအဖြစ် ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့

သူတို့နှစ်ယောက်ကို ဓားစာခံအဖြစ်ဖမ်းခေါ်သွားပြီးနောက် ပစ်သတ်လိုက်တာဖြစ်ပြီး အလောင်းတွေကို သုဿန်အနီးမှာ လာပစ်သွားတာလို့ ဆိုပါတယ်။

ထွက်ပြေးနေကြသည့် ဆားလင်းကြီး ဒေသခံများ Photo - CJ


စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ရွာသာရွာ ဒေသခံ ရွာသားနှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဒီကနေ့ ညနေပိုင်းက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် သတ်ပစ်ခဲ့တယ်လို့ ဒေသခံက RFA ကိုပြောပါတယ်။

သူတို့နှစ်ယောက်ကို ဓားစာခံအဖြစ်ဖမ်းခေါ်သွားပြီးနောက် ပစ်သတ်လိုက်တာဖြစ်ပြီး အလောင်းတွေကို သုဿန်အနီးမှာ လာပစ်သွားတာလို့ ဆိုပါတယ်။

“ဒီနေ့ ရွာထဲကို စစ်ကောင်စီ စစ်ကြောင်းထိုးလာပြီးတော့ အဲဒီအမျိုးသားနှစ်ယောက်ကို ဓားစာခံအနေနဲ့ ခေါ်သွားပြီး ကံကုန်းရွာ သုဿန်နားမှာ သတ်ဖြတ်ပစ်ထားခဲ့တယ်၊ ဒီညပိုင်းမှာ ရွာသားတွေ အလောင်းပြန်ကောက်ခဲ့တယ်”

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဆားလင်းကြီးဒေသက စံပယ်တောင်၊ ကြေးစင်တောင်အနီးမှာရှိတဲ့ ဂုဏ်တောရွာက နေအိမ်တွေကိုလည်း မီးရှို့ခဲ့သွားတယ်လို့ ဒေသခံသပိတ်ခေါင်းဆောင် တစ်ဦးက ပြောပါတယ်။

လတ်တလော တိုက်ပွဲတွေမရှိပေမယ့် စစ်ကောင်စီဘက်က စစ်ကြောင်းထိုးဝင်လာတာကြောင့် ရွာပေါင်း ၂ဝ လောက်က ဒေသခံတွေ ရွာထဲကနေ ကြောက်လန့် ထွက်ပြေးခဲ့ကြရပြီး၊ ညသန်းခေါင်းကျော်ချိန်ထိ ရွာထဲပြန်မဝင်ရဲကြသေးပါဘူးလို့လည်း ဒေသခံက ပြောပါတယ်။

ဒီရွာသားနှစ်ယောက် အသတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တုံ့ပြန်ချက် မရသေးပါဘူး။

လက်ပံတောင်းတောင်ဒေသခံတွေဟာ အာဏာသိမ်းကတည်းကနေ ဒီကနေ့ထိ လမ်းမပေါ်ထွက် စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြနေပါတယ်။

စစ်ကိုင်းတိုင်းဟာ စစ်ကောင်စီကို အပြင်းထန်ဆုံး ပြန်ခုခံနေတဲ့ဒေသဖြစ်တာကြောင့် စစ်ကောင်စီဘက်ကလည်း ကြည်းကြောင်းသာမက လေကြောင်းပါသုံးပြီး နယ်မြေရှင်းလင်းနေတာ ဖြစ်ပါတယ်။

လတ်တလော စစ်ကိုင်းတိုင်းထဲက မြို့နယ် တော်တော်တော်များများမှာ အင်တာနက်ဖြတ်တောက်ခံထားရပြီး ဖုန်းလိုင်းတွေပါ မကြာခဏ အဖြတ်ခံနေရသလို စစ်ကောင်စီဘက်က စစ်ရေးအရှိန်မြှင့်နေတယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org