ရေယာဉ်အသင်း နှစ်သင်းကို ပြေး ဆွဲခွင့် ၆ လ ပိတ်
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၅ ရက်နေ့က စစ်ကိုင်း တိုင်းဒေသကြီး မင်းကင်းမြို့ နယ် လောင်းပြည့်ကျေးရွာ အနားမှာ ရေ ယာဉ်တိုက်မှုဖြစ်ပွားခဲ့တဲ့ ရွှေပြည်ကမ္ဘာရေယာဉ်အသင်းနဲ့ အောင်စိုးမိုးရေယာဉ် အသင်းတို့ကို လိုင်းပြေးဆွဲခွင့် ၆ လ ပိတ်သိမ်းလိုက်ပါတယ်။
-
2017-01-11 -
-
-
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၅ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ် လောင်းပြည့်ကျေးရွာအနားမှာ ရေယာဉ် တိုက်မှုဖြစ်ပွားခဲ့တဲ့ ရွှေပြည်ကမ္ဘာရေယာဉ်အသင်းနဲ့ အောင်စိုးမိုးရေယာဉ်အသင်းတို့ကို လိုင်းပြေးဆွဲခွင့် ၆ လ ပိတ်သိမ်းလိုက်ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေထဲက ည ၆ နာရီ ထက်ကျော်လွန်ပြီး ရေယာဉ် မမောင်းဖို့ဆိုတဲ့ စည်းကမ်းကို ဖောက်ဖျက်တဲ့အတွက် အရေးယူတာဖြစ်တယ်လို့ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွှန့်ဝင်းက ပြောပါတယ်။
"ရေယာဉ်အသင်း နှစ်သင်းကို ၆ လ ပိတ်သိမ်းတယ်ပေါ့ဗျာ။ တိုင်းဒေသကြီးအစိုးရမှာတော့ လုပ်ပိုင်ခွင့် တစ်ခုပဲရှိတယ်လေ။ စည်းကမ်း ကျနော်တို့ထုတ်ထားတာ အဲဒီအထဲမှာ ည ၆ နာရီကျော်ရင် မမောင်းရဆိုတဲ့ ကိစ္စပါတယ်။ အခင်းဖြစ်တာက ည ၈ နာရီဝန်းကျင်မှာဖြစ်တယ်ဆိုတော့ အဲ့ည ၆ နာရီထက် မမောင်းရဆိုတဲ့ စည်းကမ်းကို သူတို့ဖောက်ဖျက်တာပေါ့နော်။ အဲဒီအတွက် ဆရာတို့ကတော့ ဆရာတို့ထုတ်ထားတဲ့ စည်းကမ်းကို မလိုက်နာလို့ ထုတ်တာပါ"
ရွှေပြည်ကမ္ဘာ ရေယာဉ်အသင်းမှာ ရေယာဉ်အစီးရေ ၇၂ စီးရှိပြီး၊ အောင်စိုးမိုး ကုန်တင်ရေယာဉ်အသင်းမှာတော့ အစီးရေ ၂၀ ကျော်ရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၅ ရက်နေ့က ရွှေပြည်ကမ္ဘာရေယာဉ်အသင်းက စိုးသူရအောင် အမြန်ရေယာဉ်နဲ့ အောင်စိုးမိုး ကုန်တင်ရေယာဉ်အသင်းက ဂျိုးဝါကုန်တင်ရေယာဉ်တို့ တိုက်မိခဲ့ပြီး ခရီးသည် နှစ်ဦး ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။
အဲဒီရေယာဉ်နှစ်စီးရဲ့ မောင်းနှင်သူ နှစ်ဦးကို ရေယာဉ်ကို မဆင်မခြင်မောင်းနှင်မှု ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၂၈၀ ၊ ရေယာဉ်မဆင်မခြင်မောင်းနှင်မှုကြောင့် လူတစ်ဦးတစ်ယောက်ကို ထိခိုက်ဒဏ်ရာရစေမှု ပုဒ်မ ၃၃၇/၃၃၈ တို့နဲ့ မောက္ကတော် ရဲစခန်းမှာ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။