NLD ဗဟိုအလုပ်အမှုဆောင် ဦးထွန်းထွန်းဟိန် ထောင်နှစ် ၂၀ ထပ်ချခံရ၊ စုစုပေါင်း ၂၄ နှစ်ရှိလာ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌဟောင်း ဦးထွန်းထွန်းဟိန်ကို နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု ပုဒ်မ- ၁၂၂ နဲ့ လားရှိုးထောင်တွင်း တရားရုံးကနေ နိုဝင်ဘာ ၂၉ ရက် ဒီနေ့ ထောင် အနှစ် ၂၀ ထပ်ချလိုက်တယ်လို့ မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။
- 2022-11-29
-
-
-
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ပြည်သူ့ လွှတ်တော် ဒုတိယဥက္ကဋ္ဌဟောင်း ဦးထွန်းထွန်းဟိန်ကို နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှု ပုဒ်မ- ၁၂၂ နဲ့ လားရှိုးထောင်တွင်း တရားရုံးကနေ နိုဝင်ဘာ ၂၉ ရက် ဒီနေ့ ထောင် အနှစ် ၂၀ ထပ်ချလိုက်တယ်လို့ မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“ပထမအမှုတွေ အမိန့်ချပြီးတာနဲ့ အခုနှစ်ဆန်းပိုင်းမှာပဲ ပုဒ်မ-၁၂၂ နဲ့ ထပ်စွဲထားတာပေါ့၊ ဒီနေ့မနက်မှာပဲ နှစ် ၂၀ ထပ်ချလိုက်တာ။ ရှေ့နေနဲ့တော့ ပြန်လည်ချေပခွင့်ရပါတယ်။ နောက်ထပ် တစ်မှုလည်း စွဲထားတာရှိသေးတယ်”
စစ်ကောင်စီက သူ့ကို နောက်ထပ် ရွေးကောက်ပွဲ မဲမသမာမှု ပုဒ်မ-၁၃၀ (က) နဲ့လည်း ထပ်မံတရားစွဲထားသေးတယ်လို့ အဲဒီမိသားစုဝင်က ပြောပါတယ်။
ဦးထွန်းထွန်းဟိန်ဟာ တပ်တွင်းဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ- ၅၀၅ (က)၊ နိုင်ငံတော် ဆူပူအောင် လှုံ့ဆော်မှု ပုဒ်မ- ၅၀၅ (ခ) တို့နဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်နေ့မှာ လားရှိုးထောင်တွင်း တရားရုံးကနေ ထောင် လေးနှစ် အမိန့်ချခံထားရတာမို့ အခုဆိုရင် စုစုပေါင်း ထောင် ၂၄ နှစ် ချမှတ်ခံထားရပါတယ်။
အသက် ၇၃ နှစ် အရွယ်ရှိပြီဖြစ်တဲ့ ဦးထွန်းထွန်းဟိန်ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ် နောင်ချိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အနိုင်ရထားပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်အာဏာမသိမ်းခဲ့ဘူးဆိုရင် သူဟာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာမယ့်သူလို့ NLD ပါတီ ထိပ်တန်းခေါင်းဆောင်ပိုင်းက ပြောပါတယ်။
ဒါပေမဲ့ စစ်တပ်ကအာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ ဦးထွန်းထွန်းဟိန် အပါအဝင် နိုင်ငံတစ်ဝန်းက NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အားလုံးနီးပါး နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံခဲ့ရပါတယ်။
စစ်ကောင်စီက ဦးထွန်းထွန်းဟိန်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ နေပြည်တော် နေအိမ်အကျယ်ချုပ်ကနေ သူ့ရဲ့ဇာတိ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ကို ပြန်ခွင့်ပြုခဲ့တာပါ။
သုံးရက်အကြာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာတော့ ရဲနဲ့ စစ်တပ်က ဦးထွန်းထွန်းဟိန်ကို ဖမ်းဆီးပြီး ဒီနေ့အထိ လားရှိုးအကျဉ်းထောင်မှာ နိုင်ငံတော်ပုန်ကန်မှု အပါအဝင် ပုဒ်မ ၃ ခုနဲ့ အကျဉ်းချထားတာဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ နိုဝင်ဘာ ၂၈ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်နီးပါးအတွင်း နိုင်ငံတစ်ဝန်းက ပြည်သူ ၁၆,၄၆၂ ဦး ဖမ်းဆီးခံခဲ့ရပြီး အဲဒီအထဲက ၁၂,၉၉၀ ဦးဟာ အခုချိန်ထိ အကျဉ်းထောင်အသီးသီးမှာ အကျဉ်းချခံထားရဆဲဖြစ်ပါတယ်။