မြစ်ကြီးနားသွားရထား မိုင်းခွဲခံရလို့ ရဲဝန်ထမ်းတစ်ဦး သေဆုံး

မန္တလေးဘက်ကနေ မြစ်ကြီးနားဘက်ကို ခုတ်မောင်းလာတဲ့ နဘား - မြစ်ကြီးနားသွား ရထားအမှတ်- ၄၉ လော်ကယ် (ခေါက်ပြန်) ရထားဟာ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဟိုပင်ဘူတာနဲ့ နန်းခွင်ဘူတာအကြား ကြာကြီးကွင်းတံတား၊ ချောင်းရေပေါက်အနီး မိုင်တိုင် ၆၅၄ နားမှာ (ဇန်နဝါရီ ၉ ရက်) မနေ့ ည ၁၀ နာရီ ၁၅မိနစ် အချိန်က မိုင်းထောင်ဖောက်ခွဲခံခဲ့ရ တယ်လို့ စုံစမ်းသိရှိရပါတယ်။

မြစ်ကြီးနားမြို့မှ မန္တလေးမြို့ကို စုန်ဆင်းလာသည့် အမြန်ရထားတစ်စင်းအား ကချင်ပြည်နယ်အတွင်းရှိ ဘူတာတစ်ခုတွင် တွေ့ရစဉ်။ Photo:RFA/Kyaw Myo Min

စက်ခေါင်းတွဲရဲ့နောက်မှာရှိတဲ့  ခရီးသည်တွဲရဲ့ အလယ်တည့်တည့်ကို ဖောက်ခွဲခံရတာဖြစ်ပြီး လူစီးတွဲနဲ့ ကုန်တင်တွဲ အပါအဝင် စုစုပေါင်း ရထားတွဲ ၅ တွဲလမ်းချော် တိမ်းမှောက်ခဲ့ပြီး ရထားရဲဝန်ထမ်း ၁ ဦး သေဆုံးခဲ့သလို  ခရီးသည်တချို့ ဒဏ်ရာရခဲ့တယ်လို့ မျက်မြင်ကြုံတွေ့ရတဲ့ ဟိုပင်ဒေသခံတစ်ဦးက RFA ကို အခုလို ပြောပါတယ်။

"ည ၁၀နာရီ ၁၅မှာကြီးမားတဲ့ အသံကြီးကို ကျွန်တော်တို့ ကြားရတယ်၊ ရထားမှာ လုံခြုံရေးပါသွားတယ်၊ ရထားတွဲငါးတွဲကတော့ အားလုံး သံလမ်းပေါ်ကနေကျပြီးမှ တစ်ချို့က ပက်လက်လန်သွားတယ်၊ တစ်ချို့က လဲကျနေတယ်၊ သံလမ်းကို မိုင်းထောင်ပြီးမှ ခွဲတဲ့ သဘောပါဗျ"

မနက်ဖြန်မှာ ရထားတွေ ပုံမှန်အတိုင်း ပြန်သွားနိုင်ဖို့အတွက် ရထားလမ်းပြင်ဆင်နှေုမှုတွေဟာ ညနေပိုင်း ၆ နာရီလောက်မှာ ပြီးစီးနိုင်မယ်လို့ ခန့်မှန်းကြောင်း မြစ်ကြီးနားဘူတာရုံ တာဝန်ကျဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်အတွင်းမှာ ရက်သတ္တပတ် ၃ ပတ်အတွင်း ရထားသံလမ်းမိုင်းခွဲခံရတာဟာ ဒီတစ်ကြိမ်နဲ့ဆိုရင် လေးကြိမ်မြောက်ဖြစ်ပြီး အခုတစ်ကြိမ်ဟာ အဆိုးဆုံးအခြေအနေလို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org