ကမ္ဘာလှည့်ခရီးသွားတွေ ချင်းပြည်နယ်မှာ လွတ်လပ်စွာသွားလာခွင့်မရ
ချင်းပြည်နယ်အတွင်းမှာ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်တွေ လွတ်လပ်စွာ သွားလာခွင့်ကို နိုင်ငံတော် သမ္မတရုံး က ခွင့်ပြုထားပေမယ့် ဒေသဆိုင်ရာ အာဏာပိုင်တွေဘက်က ကန့်သတ်ချုပ်ချယ်မှုတွေ ရှိနေတာကြောင့် နိုင်ငံခြားသားခရီးသွားတွေအနေနဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ်က ဒီကနေ့ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ အတည်ပြု ပြောကြားလိုက်ပါတယ်။
-
2013-01-20 -
-
-
ကမ္ဘာလှည့်ခရီးသည် တော်တော်များများဟာ ဌာနဆိုင်ရာ အဆင့်ဆင့်ခွင့်ပြုမိန့်တွေတင်ပြီးမှသာ ချင်းပြည်နယ်ကို လာရောက်လည်ပတ်နိုင်ခွင့်ရှိပြီး ခွင့်ပြုမိန့်မရှိသူတွေကိုတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးလေဆိပ်ကနေ အာဏာပိုင်တွေက အတင်းအကျပ် ပြန်ခိုင်းလေ့ရှိပါတယ်။
အဲဒီလို လုပ်ရပ်တွေဟာ ပြည်ထောင်စုအစိုးရရဲ့ အမိန့်ကို လေးစားလိုက်နာမှု မရှိတာလို့ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဂင်ကမ်းလျန်က RFA ကို ပြောပါတယ်။
"သမ္မတရုံးကနေပြီး ခွင့်ပြုကြောင်း စာပို့လာတယ် အဲဒါကိုလည်းသူတို့က နားမလည်ဘူးဖြစ်နေတာ၊ ခွင့်ပြုမိန့် အဆင့်ဆင့်ယူရမယ်လို့ ပြောနေတော့ သမ္မတရုံးကထုတ်တဲ့အမိန့်က အလကားဖြစ်နေတာပေါ့၊ သမ္မတရုံးက ထုတ်တဲ့အမိန့်က သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးချုပ်ကို မကျော်လွန်နိုင်ဘူးလားဆိုတာ စဉ်စားစရာဖြစ်လာပြီ"
ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြီးခဲ့တဲ့ ၂၀၁၂ခုနှစ် သြဂုတ်လတုန်းက သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံပြီး ဒေသတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးဖို့အတွက် ချင်းပြည်နယ်အတွင်းမှာ နိုင်ငံခြားသားခရီးသည်တွေ လွတ်လပ်စွာသွားလာခွင့်ကို သမ္မတထံက ခွင့်ပြုချက်အမိန့်စာ ရယူခဲ့ပါတယ်။