NLD ပါတီဝင်များ တွံတေးမြို့ အမျိုးသားဒီမိုကရေစီ ရုံးရှေ့တွင်ဆန္ဒပြ

ရန်ကုန်တိုင်း တွံတေးမြို့နယ်အတွင်း ကျေးရွာ ၇၃ အုပ်စုက NLD ပါတီဝင် အင်အား ၁၅၀ လောက်ဟာ NLD ပါတီရုံးချုပ်ရဲ့ ရပ်၊ ကျေးကော်မရှင်နဲ့ ပါတီဝင်တွေ ပြန်ရွေးချယ်မှုကို မကျေနပ်တဲ့အတွက် ဒီကနေ့ နေ့လည် ၁ နာရီမှာ တွံတေးမြို့ ကျွန်းတောရပ်ကွက် အမျိုးသား ဒီမိုကရေစီ ရုံးခန်းရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

၂၀၁၂ ခုနှစ် စက်တင်ဘာလ ၄ ရက်က တွံတေးမြို့နယ် ကျေးရွာ ၇၃ အုပ်စုမှ NLD ပါတီဝင် အင်အား ၁၅၀ က တွံတေးမြို့ ကျွန်းတောရပ်ကွက် အမျိုးသားဒီမိုကရေစီ ရုံးခန်းရှေ့တွင် ဆန္ဒပြနေကြစဉ်။ RFA

NLD ပါတီရဲ့ ပါတီဝင်နဲ့ ကော်မရှင် ပြန်လည်ရွေးချယ်မှုကို မကျေနပ်လို့ ဆန္ဒပြတာ ဖြစ်ပေမယ့် ပါတီကနေ နှုတ်ထွက်မှာ မဟုတ်ဘဲ နိုင်ငံအကျိုးကို ဆက်လက် ဆောင်ရွက်သွားမယ်လို့ ဆန္ဒပြပွဲကို ဦးဆောင်ခဲ့သူတစ်ဦးဖြစ်တဲ့ ဦးဇော်မင်းထွန်းက RFA ကို ပြောပါတယ်။

တွံတေးမြို့ NLD အဖွဲ့ဝင်တွေဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ဆောင်ချက်တွေကို အကြွင်းမဲ့ ထောက်ခံကြောင်း၊ NLD ဗဟိုရဲ့ လုပ်ဆောင်ချက်တွေ တရားမျှတမှု မရှိတဲ့အတွက် ကန့်ကွက်ကြောင်း၊ NLD ပါတီဝင် လျှောက်လွှာတွေကို မြို့နယ်ကော်မရှင်က လက်ခံမှု မရှိတာ၊ နီးစပ်ရာ နေရာပေးမှုနဲ့ ဗဟိုဦးစီး ပုံစံစနစ်ဖြင့် လုပ်ဆောင်နေတာတွေကို ရပ်တန့်ဖို့ လိုကြောင်း၊ ပြေလည်မှုရရှိအောင် ညှိနှိုင်းဆောင်ရွက်ရမယ့်အစား တဖက်သတ်ဘက် လိုက်ပါ ဆောင်ရွက်နေတာတွေကို ရပ်တန့်ဖို့လိုကြောင်း စတဲ့ စာတန်းတွေ ကိုင်ဆောင်ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ။

အခုလိုဆန္ဒပြဖို့အတွက် ပြီးခဲ့တဲ့ လထဲက မြို့နယ်ရဲစခန်းမှာ လျှောက်ထားပြီး ခွင့်ပြုမိန့် ရယူခဲ့တာလို့ ဆန္ဒပြသူတွေက ပြောပါတယ်။

ဒီအတောအတွင်း NLD ဗဟိုရဲ့ ရပ်၊ ကျေးကော်မရှင်နဲ့ ပါတီဝင်တွေ ပြန်ရွေးချယ်မှုကို မကျေနပ်တဲ့အတွက် ဧရာဝတီတိုင်း မြောင်းမြမြို့ ဆန္ဒပြပွဲကို ဦးဆောင်ခဲ့သူ ဦးမြင့်ကျော်နဲ့ ဦးဝင်းရွှေတို့ကို NLD ဗဟိုညီလာခံ ကျင်းပချိန်အထိ ပါတီဝင် အဖြစ်ကနေ ရပ်ဆိုင်းထားလိုက်ကြောင်း ရန်ကုန် NLD ရုံးချုပ်က မနေ့က ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org