မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေးအထူးကိုယ်စားလှယ် ရိုဟင်ဂျာတွေဆီ သွားရောက်
ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကို ဒီနေ့ကစပြီး ဒီဇင်ဘာလ ၁၉ ရက်နေ့ထိ တစ်ပတ်ကြာလေ့လာရေးခရီး စတင်နေပြီလို့ UN OHCHR အဖွဲ့က ထုတ်ပြန်ပါတယ်။
- 2021-12-13
-
-
-
ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကို ဒီနေ့ကစပြီး ဒီဇင်ဘာလ ၁၉ ရက်နေ့ထိ တစ်ပတ်ကြာ လေ့လာရေး ခရီး စတင်နေပြီလို့ UN OHCHR အဖွဲ့က ထုတ်ပြန်ပါတယ်။
မြန်မာစစ်တပ်က လူမျိုးတုံး သုတ်သင်ရှင်းလင်းတဲ့နည်းနဲ့မောင်းထုတ်လိုက်တဲ့ လူတစ်သန်းလောက်ကို ကမ္ဘာကြီးက မေ့ထားလို့မရပါဘူး၊ သူ့တို့က ကိုယ့်အိမ်ကိုယ်ပြန်ဖို့ကလွဲလို့ ဘာမှမလိုချင်ပါဘူး၊ သူတို့ကို အေးအေးချမ်းချမ်းနဲ့ အန္တရာယ်မရှိဘဲ ပြန်နေခွင့်ပေးဖို့ပဲလိုပါတယ်လို့ Tom Andrews က ပြောပါတယ်။
သူ့ရဲ့ခရီးစဉ်မှာ ဘင်္ဂလားဒေ့ရှ်အစိုးရရုံးစိုက်တဲ့ ဒါကာမြို့၊ ဒုက္ခသည်စခန်းတွေရှိတဲ့ ကော့ဆက်ဘဇားနဲ့ ဘာဆန်ချားကျွန်းတို့ကို သွားဖို့စီစဉ်ထားပါတယ်။
မြန်မာပြည်သူတွေရဲ့လူ့အခွင့်အရေးကို စစ်အာဏာပိုင်တွေက ကျကျနန ချိုးဖောက်နေတဲ့အချိန်မှာပဲ၊ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခိုလှုံနေရတဲ့သူတွေကို ကမ္ဘာ့အသိုင်းအဝိုင်းက ကူညီနေတယ်။ ဒီဒုက္ခသည်တွေနဲ့ တွေ့ခွင့်ရမယ့်အတွက် ကျနော့်အနေနဲ့ ဂုဏ်ယူပါတယ်လို့ Tom Andrews ကပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်ကနေ သူပြန်မယ့်နေ့ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီမှာတော့ ဒါကာမြို့က Westin Hotel မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အခြေအနေတွေကို Tom Andrews က ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်ဆီကို နောက်သုံးလကျော်အကြာ ၂၀၂၂ ခုနှစ် မတ်လမှာ အစီရင်ခံစာတင်သွင်းရမှာ ဖြစ်ပါတယ်။