တစ်ရှူး ငှက်ပျော သယ်ယူယာဉ် ကန့်သတ်
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း စိုက်ပျိုးထားတဲ့ တစ်ရှူး ငှက်ပျောတွေကို တရုတ်နိုင်ငံဘက် သယ်ယူချိန်မှာ အသုံးပြု တဲ့ ယာဉ်အစီးရေကို ပြည်နယ်အစိုးရက ကန့်သတ်လိုက် ပါတယ်။
-
2016-10-28 -
-
-
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း စိုက်ပျိုးထားတဲ့ တစ်ရှူး ငှက်ပျောတွေကို တရုတ်နိုင်ငံဘက် သယ်ယူချိန်မှာ အသုံးပြုတဲ့ ယာဉ်အစီးရေကို ပြည်နယ်အစိုးရက ကန့်သတ်လိုက်ပါတယ်။
အဲဒီလို ကန့်သတ်ထိန်းချုပ်လိုက်တာကြောင့် တရားမဝင် ကုန်သွယ်မှုတွေကို လျော့ကျစေပြီး အစိုးရအတွက် အခွန်ဝင်ငွေတွေ ပိုမိုရရှိစေမှာဖြစ်တယ်လို့ ကချင်ပြည်နယ် ဘဏ္ဍာအခွန်စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးဝေလင်း က ပြောပါတယ်။
သြဂုတ်လ ၁ ရက်နေ့ကစပြီး ကုမ္ပဏီတစ်ခုအတွက် အချိန်သီတင်းနှစ်ပတ်မှာ ယာဉ်အစီး တစ်ရာကို စည်းကမ်း ချက်တွေနဲ့အညီ သယ်ယူဖို့ စိစစ်ခွင့်ပြုလိုက်တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှာ တစ်ရှူးငှက်ပျော စိုက်ပျိုးရေးကဏ္ဍကနေ အခွန်ငွေ ကျပ်သန်း ခုနှစ်ရာကျော်ရရှိခဲ့ပြီး အခုနှစ် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာ ဧပြီလကနေ စက်တင်ဘာလကုန်အထိ ကျပ်သန်း လေးရာကျော် အခွန်ငွေရရှိခဲ့ပါတယ်။
တစ်ရှူး ငှက်ပျောစိုက်ပျိုးရေးလုပ်ငန်းတွေကို ဝိုင်းမော်မြို့နယ် ဂွေထု၊ စင်ကြိုင်၊ မိုင်းနား၊ ရွှေညောင်ပင် ဝါးရှောင် စတဲ့ကျေးရွာတွေတဝိုက်က စိုက်ခင်းတွေမှာ အရင်အစိုးရလက်ထက်ကစပြီး မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပေဒအရ လုပ်ပိုင်ခွင့်တွေချထားပေးတာဖြစ်ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိန်းချုပ်နယ်မြေတွေအတွင်း ဘိန်းအစားထိုးသီးနှံအဖြစ် ခွင့်ပြုခဲ့တာဖြစ် ပြီး ဒေသခံတချို့လုပ်ကိုင်တာတွေရှိပေမယ့် အများစုဟာ တရုတ်လုပ်ငန်းရှင်တွေနဲ့ အကျိုးတူလုပ်ကိုင်နေကြတာဖြစ် ပါတယ်။
ပြည်နယ်အစိုးရရဲ့ စာရင်းတွေအရ တစ်ရှူးငှက်ပျောစိုက်ပျိုးရေးကို အများဆုံးလုပ်ကိုင်နေတဲ့ ချန်ရင်ခူး ကုမ္ပဏီ အပါအဝင် ဝိုင်းမော်မြို့နယ်အတွင်းမှာ တစ်ရှူးငှက်ပျောစိုက်ဧက နှစ်သောင်းကျော် ရှိပါတယ်။