သံတမန် နှင်ထုတ်ခံရတဲ့အပေါ် အရှေ့တီမော ရှုတ်ချ

သံတမန်နှင်ထုတ်ခံရပေမဲ့ အရှေ့တီမောအနေနဲ့ မြန်မာပြည်သူတွေနဲ့အတူ ဆက်လက်ရပ်တည်သွားမှာ ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

၂၀၂၃ ခုနှစ် ဇွန်လ ၁ ရက်နေ့က ဒီလီမြို့တော်ရှိ သမ္မတနန်းတော်တွင် အရှေ့တီမောနိုင်ငံအစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပွဲ ကျင်းပပြုလုပ်ခဲ့စဉ်။ Presidência da República Democrática de Timor-Leste

ရန်ကုန်မှာရှိတဲ့ အရှေ့တီမောသံရုံးရဲ့ သံတမန်ကို အာဏာသိမ်း စစ်ကောင်စီက နှင်ထုတ်လိုက်တဲ့အပေါ် ကန့်ကွက်ရှုတ်ချကြောင်း အရှေ့တီမောအစိုးရက ဒီကနေ့ ကြေညာချက်ထုတ်ပြန်ပါတယ်။

သံတမန်နှင်ထုတ်ခံရပေမဲ့ အရှေ့တီမောအနေနဲ့ မြန်မာပြည်သူတွေနဲ့အတူ ဆက်လက်ရပ်တည်သွားမှာ ဖြစ်ကြောင်းနဲ့ မြန်မာစစ်တပ်အနေနဲ့လည်း လူ့အခွင့်အရေးစံနှုန်းတွေကို လိုက်နာဖို့၊ လက်ရှိအကျပ်အတည်း ဖြေရှင်းရေးအတွက် ငြိမ်းငြိမ်းချမ်းချမ်း အဖြေရှာဖို့ ထပ်မံတိုက်တွန်းထားပါတယ်။

ကုလသမဂ္ဂနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနည်းတူ အရှေ့တီမောနိုင်ငံအနေနဲ့ … မြန်မာပြည်ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ရေး ကြိုးစားအားထုတ်မှုအားလုံးကို ထောက်ခံအားပေးရန် အရေးကြီးကြောင်း ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

မြန်မာစစ်တပ်ကတော့ အရှေ့တီမောဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ဆွေးနွေးဆက်ဆံတာတွေ ရှိနေတာကြောင့် သံတမန်ကို နှင်ထုတ်တာလို့ ထုတ်ပြန်ထားပါတယ်။

အရှေ့တီမောအစိုးရ ပြောခွင့်ရှိသူ ဝန်ကြီး Agio Pereira ကတော့ “တွေ့ဆုံဆွေးနွေးရေးနဲ့ ပြည်သူလူထုရဲ့ ဆန္ဒကို အလေးထားမှာသာ မြန်မာ့အကျပ်အတည်းကို ဖြေရှင်းနိုင်မယ်လို့ တီမောအစိုးရက လက်ခံယုံကြည်ထားတယ်” လို့ ပြောပါတယ်။

မြန်မာ့အရေးကိစ္စဟာ တစ်ကမ္ဘာလုံးနဲ့ဆိုင်တဲ့ စိုးရိမ်စရာကိစ္စတစ်ရပ်ဖြစ်ကြောင်း၊ စစ်တပ် အာဏာသိမ်းလိုက်ပြီးကတည်းက မြန်မာနိုင်ငံဟာ စီးပွားရေးအကျပ်အတည်းတွေဖြစ်နေပြီး လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေကြောင်း အရှေ့တီမောရဲ့ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အရှေ့တီမောဟာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာစာမျက်နှာမှာ ပြင်းပြင်းထန်ထန် ဝေဖန်နေတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။

မကြာသေးခင်က ကျင်းပခဲ့တဲ့ အရှေ့တီမောအစိုးရသစ် ကျမ်းကျိန်ပွဲမှာ စစ်ကောင်စီကို မဖိတ်ဘဲ NUG နိုင်ငံခြားရေးဝန်ကြီးတွေကို ဖိတ်ခဲ့တဲ့အပြင် NUG ဝန်ကြီးတွေနဲ့ ဆွေးနွေးတာတွေ ဆက်တိုက်ရှိနေပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ဖို့ ဆယ်စုနှစ်တစ်ခုကြာ ကြိုးစားခဲ့တဲ့ အရှေ့တီမောဟာ မြန်မာ့အရေး အာဆီယံရဲ့ လုပ်နိုင်စွမ်းကို မေးခွန်းထုတ်နေပြီး၊ အာဆီယံအနေနဲ့ မြန်မာ့အရေး ပြေလည်အောင် ဖြေရှင်းနိုင်မှ အဖွဲ့ဝင်မယ်လို့ ပြောဆိုလာပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org