Time မဂ္ဂဇင်းကို ရန်ကုန်မြို့ခံ ၇၀၀ ကျော် ဆန္ဒပြ

The Face of Buddhist Terror ခေါင်းစဉ်နဲ့ မန္တလေး မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူကို မျက်နှာဖုံးတင် ရေးသားဖော်ပြ ထားတဲ့ ဇူလိုင်လ (၁)ရက်နေ့ ထုတ် TIME မဂ္ဂဇင်းကို သံဃာတော်တွေ အပါအဝင် အင်အား (၇၀၀) ကျော်က ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့မှာ ဒီကနေ့ ဆန္ဒပြကြပါတယ်။

ygn-protest-305

The Face of Buddhist Terror ခေါင်းစဉ်နဲ့ မန္တလေး မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူကို မျက်နှာဖုံးတင် ရေးသားဖော်ပြထားတဲ့ ဇူလိုင်လ (၁)ရက်နေ့ ထုတ် TIME မဂ္ဂဇင်းကို  သံဃာတော်တွေ အပါအဝင် အင်အား (၇၀၀) ကျော်က ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့မှာ ဒီကနေ့ ဆန္ဒပြကြပါတယ်။

ဗုဒ္ဓဘာသာဟာ မေတ္တာတရားကို အခြေခံတဲ့ ငြိမ်းချမ်းရေးဝါဒဖြစ်တယ်ဆိုတာ ကမ္ဘာက သိစေချင်တဲ့အတွက် ဆန္ဒပြကြရတာဖြစ်ကြောင်း မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခက RFA ကို မိန့်ကြားပါတယ်။

" အမေရိကန် Time မဂ္ဂဇင်းကြီးမှာ ယခုကဲ့သို့ ရေးသားဖော်ပြလိုက်ခြင်းသည် ကမ္ဘာနိုင်ငံအသီးသီးမှာရှိတဲ့ လူမျိုးပေါင်းစုံ ဘာသာအသီးသီးကနေပြီးတော့ ဘုန်းကြီးတို့ ဗုဒ္ဓဘာသာကို အကြမ်းဖက်ဝါဒလို့ ထင်မှားသွားနိုင်ပါတယ်၊ အဲ့ဒီလို အကြမ်းဖက်ဝါဒမဟုတ်ဘူး၊ ဗုဒ္ဓဝါဒသည် ငြိမ်ချမ်းရေးဝါဒလို့ ကမ္ဘာက အားလုံး သိသွားစေချင်ပါတယ်"

ဒီနေ့ ဆန္ဒပြပွဲမှာ သံဃာနဲ့ ပြည်သူတွေဟာ တိုင်းမ် မဂ္ဂဇင်းကို ကန့်ကွက်ကြောင်း ကြွေးကြော်ခဲ့ကြပြီး မဟာဗန္ဓုလ ပန်းခြံကို တစ်ပတ် လှည့်လည်ခဲ့ကြပါတယ်။

TIME မဂ္ဂဇင်းမှာ ဖော်ပြထားတဲ့  ဆောင်းပါးကို နိုင်ငံတော်သမ္မတရုံးက ကန့်ကွက်ထားသလို၊ အစိုးရက ဖွဲ့စည်းထားတဲ့ အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီကလည်း ဇူလိုင်လ ( ၁ )ရက်နေ့ ထုတ် TIME မဂ္ဂဇင်းကို  မြန်မာနိုင်ငံအတွင်း ဖြန့်ချိရောင်းချခွင့် မပြုဖို့ တားမြစ်ထားပါတယ်။

ဒါ့အပြင် နိုင်ငံရေးပါတီတချို့ကလည်း TIME မဂ္ဂဇင်း  ဆောင်းပါးကို ကန့်ကွက်ကြောင်း သဘောထား ကြေညာချက်တွေ အသီးသီးထုတ်ပြန်ထားပါတယ်။

ဒီအတွင်း မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေတဲ့ လူမျိုးရေး ဘာသာရေးအကြမ်းဖက်မှုတွေအပေါ် အမြန်ဆုံး အရေးယူ ဆောင်ရွက်ဖို့ မြန်မာအစိုးရကို မလေးရှားနိုင်ငံက တိုက်တွန်းလိုက်ပါတယ်။

ဘရူနိုင်းနိုင်ငံ မြို့တော် Bandar Seri Begawan မှာ ကျင်းပနေတဲ့  (၄၆) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ နှစ်ပတ်လည် ညီလာခံ ပြင်ပမှာ မလေးရှား နိုင်ငံခြားရေးဝန်ကြီး Anifah က မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တွေ့ဆုံရာမှာ ပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံတွင်းက လူမျိုးရေး ဘာသာရေးအကြမ်းဖက်ဖြစ်ရပ်တွေဟာ မလေးရှားအပါအဝင် အိမ်နီးချင်း နိုင်ငံတွေအပေါ် သက်ရောက်မှုတွေရှိခဲ့ကြောင်း၊  အကြမ်းဖက်အောင်လှုံ့ဆော်သူတွေကို တရားဥပဒေအရ ပွင့်လင်းမြင်သာမှုရှိရှိ အရေးယူဖို့ တိုက်တွန်းကြောင်း၊ ဒါ့ပြင် OIC အစ္စလမ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ ကိုလည်း မြန်မာနိုင်ငံတွင် လာရောက်ခွင့်ပြုစေလိုကြောင်း  ပြောဆိုခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org