ထီးချိုင့်မှာ လေကြောင်းရန်အတွက် ဗုံးခိုကျင်းတူးဖို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တိုက်တွန်း
ထီးချိုင့်မြို့နယ်မှာ စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထားပြီး လေကြောင်းနဲ့တိုက်ခိုက်တာတွေ လုပ်ဆောင်နေတဲ့အတွက် ပြည်သူတွေအနေနဲ့ ဗုံးခိုကျင်းတွေ တူးထားကြဖို့ ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တိုက်တွန်းထားပါတယ်။
-
RFA Burmese
2024-05-02 -
-
-
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်မှာ စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထားပြီး လေကြောင်းနဲ့တိုက်ခိုက်တာတွေ လုပ်ဆောင်နေတဲ့အတွက် ပြည်သူတွေအနေနဲ့ ဗုံးခိုကျင်းတွေ တူးထားကြဖို့ ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဧပြီလ ၂၈ ရက်နေ့က တိုက်တွန်းထားပါတယ်။
တော်လှန်ရေးအင်အားစုတွေ စိုးမိုးနယ်မြေတွေအတွင်းက စာသင်ကျောင်း၊ စျေး၊ ဆေးရုံ၊ ဆေးခန်းနဲ့ လူစည်ကားတဲ့နေရာတွေကို ပစ်မှတ်ထားပြီး စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ပြည်သူတွေ သေဆုံး၊ ဒဏ်ရာရတာတွေရှိနေပြီး ဗုံးခိုကျင်းတွေ မပျက်မကွက် တူးထားကြဖို့လိုတယ်လို့ ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦးကတော့ RFA ကို ပြောပါတယ်။
“ဟိုတစ်နေ့ကတော့ ကမ်းနီရွာ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူတွေ ထိခိုက်မှုရှိတယ် အဲဒါကြောင့် ပြည်သူတွေ သတိထားဖို့ ထုတ်ပြန်တာပါဗျ”
စစ်ကောင်စီက ကင်းထောက်လေယာဥ်တွေသုံးပြီး လူစုလူဝေးတွေ ရှိတဲ့နေရာတွေကို လေကြောင်းတိုက်ခိုက်တာတွေ လုပ်ဆောင်နေတဲ့အတွက် လူစုလူဝေးမလုပ်ဖို့၊ လေယာဥ်သံကြားရင် မလှုပ်ရှားဘဲ ရောက်နေတဲ့နေရာမှာ ရပ်နားနေဖို့ကိုလည်း ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တိုက်တွန်းထားပါတယ်။
ဧပြီ ၂၄ ရက်နေ့က ထီးချိုင့်မြို့နယ် ကမ်းနီးရွာစျေးနဲ့ ဆေးပေးခန်းတွေကို စစ်ကောင်စီက လေကြောင်းနဲ့ လေးကြိမ် လာပစ်သွားတဲ့အတွက် ပြည်သူ ခုနစ်ဦး ဒဏ်ရာရရှိခဲ့ပြီး စျေးလည်း မီးလောင်သွားတယ်လို့ ထီးချိုင့်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
၂၀၂၃ နိုဝင်ဘာလ ၁၄ ရက်နေ့ကလည်း ထီးချိုင့်မြို့နယ် အလယ်တောရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ဆယ်ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောဆိုထားပါတယ်။
ဒီပြောဆိုချက်တွေနဲ့ပတ်သက်တို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
RFA က ရရှိထားတဲ့ အချက်အလက်တွေအရ စစ်တပ်က အာဏာသိမ်းပြီးနောက် ထီးချိုင့်မြို့နယ် စစ်ကောင်စီရဲ့ လေကြောင်း၊ လက်နက်ကြီးနဲ့ ဖမ်းဆီးသတ်ဖြတ်ခံရမှုတွေကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သား လေးဆယ်ကျော်အထိ ရှိနေပါတယ်။