ထီးချိုင့်မှာ KIA၊ PDF၊ AA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီ တိုက်ပွဲပြင်းထန်နေ

ထီးချိုင့်မြို့အထွက်နဲ့ အနီးတစ်ဝိုက် ကျေးရွာတွေမှာ AA၊ KIA၊ PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းသုံး တိုက်ခိုက်နေပါတယ်။

၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်နေသည့် ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များအား ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့က တွေ့ရစဉ်။ Operation 1027

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့အထွက်နဲ့ အနီးတစ်ဝိုက်ကျေးရွာတွေမှာ AA၊ KIA၊ PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်အကြား အောက်တိုဘာ ၂၇ ရက် မနက်ပိုင်းကစလို့ ဒီနေ့အထိ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းသုံး တိုက်ခိုက်နေတယ်လို့ မြောက်ပိုင်း မဟာမိတ် သုံးဖွဲ့ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဖော်ပြနေတဲ့ Operation 1027 လူမှုကွန်ရက်စာမျက်နှာက အောက်တိုဘာ ၃၀ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။

ထီးချိုင့်မြို့နယ် မော်ကွန်းတောင် အနောက်ဘက် တောင်ရိုးတစ်လျှောက်မှာ ရက္ခိုင့်တပ်တော် (AA)၊ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်အကြား အောက်တိုဘာ ၂၇ ရက် မနက် ၈ နာရီကျော်ကစလို့ လေးရက်ကြာ တိုက်ပွဲပြင်းထန်နေတာလို့ ဆိုပါတယ်။

ထီးချိုင့်မြို့အထွက် အပါအဝင် မြို့နယ်ထဲက နေရာတချို့မှာ နှစ်ဘက် တိုက်ပွဲပြင်းထန်နေတာကြောင့် စစ်ကောင်စီတပ်က လေကြောင်းကနေ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ထီးချိုင့် ပြည်သူ့ ကာကွယ်ရေး အဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“KIA, PDF, AA ရော တပ်ပေါင်းစုလိုက် ခုခံကာကွယ်တိုက်နေတာပဲ။ မော်ကွန်းတောင်လို့ခေါ်တယ်။ တောမရွာဘေး အဲဒီမှာလည်း တိုက်ပွဲဖြစ်တယ်။ ထီးချိုင့်အထွက်မှာလည်း ဖြစ်တယ်။ ဒီနေ့ဆိုရင် လေးရက်ရှိပြီ။ စစ်ကောင်စီ ဘက်ကတော့ မနက်ဆိုရင် ဂျက်ဖိုက်တာသုံးစီးနဲ့ လာကြဲတိုက်ခိုက်တယ်။ ညနေကို Mi-35 နဲ့ လာ ကြဲတယ်။ ဒီနေ့ Mi-35 နှစ်ခေါက်လာတယ်။ အခုပြန်သွားတာ နာရီဝက်ပဲ ရှိသေးတယ်။ ထီးချိုင့်မြို့ထဲက သူတို့တပ်တွေ မော်ကွန်းကို ထွက်လို့မရတော့၊ မော်ကွန်းမှာလည်း ပိတ်မိနေတော့ လေကြောင်းနဲ့ ပစ်နေတာပေါ့။ တောင်ရိုးပေါ် ထွက်ဖို့ကို စစ်ကူပေးနေတာ။ တစ်ရက်ကို ခြောက်စီးလောက် လာပစ်တယ်”

နှစ်ဖက် သေဆုံးထိခိုက်အခြေအနေကို မသိရသေးသလို တိုက်ပွဲရလဒ်ကိုလည်း မခန့်မှန်းနိုင်သေးဘူးလို့ သူက ပြောပါတယ်။

ရက္ခိုင့်တပ်တော် (AA) အနေနဲ့ စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်နဲ့ ကချင်ပြည်နယ် လိုင်ဇာဌာနချုပ်အနီးမှာလည်း မဟာမိတ်တွေနဲ့အတူ တိုက်ပွဲဝင်နေတယ်လို့ Operation 1027 ရဲ့ ဒီနေ့ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

လက်ရှိမှာတော့ ထီးချိုင့်မြို့နယ်အတွင်းက ကြက်သွန်ခင်း၊ ကျွန်းပင်သာ၊ ရေပေါက်ကြီး၊ တောမ၊ မုတ်ဝ၊ ပေါက်ပင်ကွေ့ (အရှေ့၊ အနောက်)၊ ဆင်ဖြူဆိပ်၊ လပိုင်တင်၊ မရသိမ်၊ မိကျောင်းအိုက်၊ ဒိုးပင်စတဲ့ ရွာတွေနဲ့ အနီးအနားရွာတွေက အရပ်သား တစ်သောင်းခွဲထက်မနည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေ ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က ဒီနေ့ မွန်းလွဲပိုင်းက တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေဆိုခြင်း မရှိပါဘူး။

မြောက်ပိုင်း မဟာမိတ် လက်နက်ကိုင် သုံးဖွဲ့ဖြစ်တဲ့ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ကိုးကန့် တပ်မတော် (MNDAA)နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ဟာ စစ်ဆင်ရေးအမှတ် (၁၀၂၇) ကို ကြေညာပြီး စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ရှိရာ လားရှိုးမြို့ အပါအဝင် ကွမ်းလုံ၊ သိန္နီ၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ နမ့်ခမ်းနဲ့ ကွတ်ခိုင်မြို့တွေရှိ စစ်ကောင်စီ တပ်စခန်းတွေကို အောက်တိုဘာ ၂၇ ရက် မနက် ၄ နာရီကစပြီး တစ်ပြိုင်တည်း ဝင်တိုက်ခဲ့တာပါ။

၁၀၂၇ ပူးပေါင်း စစ်ဆင်ရေး စတင်တဲ့ အောက်တိုဘာ ၂၇ ရက်ကနေ ၂၉ ရက် မနေ့ကအထိ သုံးရက်အတွင်းမှာ စစ်ကောင်စီ တပ်စခန်း ၅၇ ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း မြောက်ပိုင်း မဟာမိတ် သုံးဖွဲ့ရဲ့ တာဝန်ရှိသူတွေက RFA ကို ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org