လျှပ်စစ်မီတာခကိစ္စ ဆွေးနွေးအဖြေရှာနေတယ်လို့ ဝန်ကြီး ဦးသောင်းထွန်းပြော
2019.01.29

လျှပ်စစ်ဓာတ်အား သုံးစွဲမှုအတွက် အစိုးရက ငွေကြေးအမြောက်အများ စိုက်ထုတ် သုံးစွဲနေရတာကြောင့် လက်ရှိတစ်ယူနစ်ကို ၃၅ ကျပ်နှုန်း ပေးနေရတာနဲ့ ပတ်သက်လို့ ဆွေးနွေးအဖြေရှာနေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း က ပြောပါတယ်။
နေပြည်တော် MICC-2 မှာ ဒုတိယမြောက်နေ့ ဒီနေ့ ကျင်းပတဲ့ Invest Myanmar Summit 2019 ဆွေးနွေးပွဲ အခမ်းအနားမှာ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်းက ပြောကြားခဲ့တာဖြစ်ပါတယ်။
လူတိုင်း လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ပြီး အခြေခံလူတန်းစားတွေ မထိခိုက်ရအောင် ဆောင်ရွက်မယ်လို့လည်း ဝန်ကြီးက ပြောခဲ့ပါတယ်။
အခမ်းအနား တက်ရောက်လာသူတစ်ဦးက လျှပ်စစ်ဓာတ်အား ပြည့်စုံလုံလောက်အောင် အသုံးပြုနိုင်ဖို့ ဘယ်လို ဆောင်ရွက်နေသလဲ ဆိုတာနဲ့ ဒေသတွင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် မြန်မာဟာ လျှပ်စစ်ဓာတ်အား သုံးစွဲခအတွက် ကောက်ခံမှုက နည်းပြီး အစိုးရက စိုက်ထုတ်နေရတာကြောင့် အဲဒီငွေတွေကို တခြားရင်းနှီးမြှုပ်နှံမှုတွေမှာ သုံးရင် ပိုပြီး အကျိုးရှိနိုင်မလားလို့ မေးမြန်းရာမှာ ဝန်ကြီးက အခုလို ဖြေကြားခဲ့တာဖြစ်ပါတယ်။
တဆက်တည်းမှာပဲ လုပ်ငန်းရှင်တွေလဲ လျှပ်စစ်ကို ပိုမိုအသုံးပြုနိုင်ပြီး မျှတတဲ့ ဈေနှုန်းဖြစ်အောင် ဆောင်ရွက်ဖို့ ရှိပါတယ်လို့ ဝန်ကြီး ကပြောပါတယ်။
ဝန်ကြီး ဦးသောင်းထွန်းက ရင်းနှီးမြှုပ်နှံသူတွေ လုပ်ငန်း လုပ်ကိုင်နိုင်ဖို့ အခွင့်အလမ်းတွေ၊ ကူညီဆောင်ရွက်ပေးနိုင် တာတွေကို ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ အကောင်းဆုံးအချိန် ရောက်ရှိနေပြီလို့လည်း ပြောပါတယ်။
လျှပ်စစ်ဓာတ်အားရရှိဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ဆောင်ရွက်နေသလို ရခိုင်ကမ်းလွန်ဒေသက သဘာဝဓာတ်ငွေ့ကို လျှပ်စစ်ဓာတ်အားထုတ်ယူနိုင်ဖို့ ဆောင်ရွက်နေပြီး နောက် ၄ နှစ်လောက် အချိန်ကြာဦးမှာဖြစ်တယ်လို့ ပြောပါတယ်။
မနေ့ကစတင်ပြီး ၂ ရက်ကြာ ကျင်းပခဲ့တဲ့ အဲဒီအခမ်းအနားကို အစိုးရ အဖွဲ့တာဝန်ရှိသူတွေ၊ တိုင်းနဲ့ ပြည်နယ် ၁၀ ခုက ဝန်ကြီးချုပ်တွေ ၊ နိုင်ငံခြားသား လုပ်ငန်းရှင် ၄၀၀ ကျော်နဲ့ ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင် ၅၀၀ ကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုသီဟထွန်း ပေးပို့တာပါ။