ရခိုင်မှာ ဆန္ဒပြလို့ အမှုရင်ဆိုင်နေရတဲ့ ကျောင်းသား သုံးဦး ငွေဒဏ်ချမှတ်ခံရ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်က ရခိုင်ပြည်နယ် အစိုးရရုံးရှေ့မှာ အင်တာနက်လိုင်း ဖွင့်ပေးဖို့နဲ့ စစ်တပ်နဲ့ အစိုးရကို ဝေဖန်ထောက်ပြတဲ့ ဆိုင်းဘုတ်တွေကိုင်ပြီး ဆန္ဒပြလို့ ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ နဲ့ တရားစွဲခံထားရတဲ့ ရခိုင်ကျောင်းသား သုံးဦးကို စစ်တွေမြို့နယ်တရားရုံးက ဒီနေ့ ငွေဒဏ်အမိန့် ချမှတ် လိုက်ပါတယ်။
စစ်တွေမြို့နယ်တရားရုံးကနေ ငြိမ်းစုစီပုဒ်မ ၁၉ အတွက် တစ်ယောက်ကို ငွေဒဏ် နှစ်သောင်းကျပ်စီ ချမှတ်လိုက်တာဖြစ်တယ်လို့ ကာယကံရှင် ကိုတိုးတိုးအောင်က RFA ကို ပြောပါတယ်။
ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ကိုတိုးတိုးအောင်၊ ကိုကျော်နိုင်ဌေးနဲ့ ကိုဦးသန်းနိုင် တို့ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့က ရခိုင်မှာ အင်တာနက်လိုင်း ဖွင့်ပေးဖို့အပြင် စစ်တပ်နဲ့ အစိုးရကို ဝေဖန်ထောက်ပြတဲ့ ဆိုင်းဘုတ်တွေကိုင်ပြီး ဆန္ဒပြ တောင်းဆိုခဲ့ကြတာပါ။
ဆန္ဒပြနေစဉ်အတွင်းမှာပဲ ရဲက ဝင်ရောက်ဖမ်းဆီးသွားတာဖြစ်ပြီး ရဲမှူး ဇော်နိုင်က တရားလိုလုပ်ပြီး ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ နဲ့ စစ်တွေမြို့နယ် တရားရုံးမှာ တရားစွဲခဲ့တာဖြစ်ပါတယ်။
အဲဒီကျောင်းသား သုံးဦးထဲက ကိုကျော်နိုင်ဌေးနဲ့ ကိုဦးသန်းနိုင် ကတော့ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် အောက်တိုဘာ လက စစ်တွေမြို့ဒေသခံ တစ်ရာလောက်နဲ့အတူ ထပ်မံဆန္ဒပြခဲ့တဲ့အတွက် နိုင်ငံတော်အကြည်အညိုပျက်စေမှု ဥပဒေ ပုဒ်မ ၅၀၅(ခ)၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ တို့နဲ့လည်း ထပ်မံတရားစွဲ ခံထားရ ပါတယ်။
အဲဒါကြောင့် သူတို့နှစ်ဦးကတော့ ကျန်တဲ့ အမှုနှစ်ခုအတွက် စစ်တွေ အကျဉ်းထောင်ထဲကပဲ ထပ်မံအမှု ရင်ဆိုင်နေရဦးမှာပါ။
အလားတူ သူတို့နဲ့အတူ ဆန္ဒပြရာမှာပါဝင်ခဲ့လို့ အဲဒီပုဒ်မတွေနဲ့ ဖမ်းဆီး တရားစွဲခံထားရတဲ့ ကျောက်ဖြူ ပညာရေးကောလိပ်က ကိုမြတ်စိုးဝင်း နဲ့ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ကိုမြတ်စိုးဝင်း တို့ဟာလည်း သူတို့နဲ့အတူတူ အမှုရင်ဆိုင်နေရဆဲပါ။
ကျန်တဲ့ အမှုတွေကိုလည်း လာမယ့်အပတ်တွေမှာ အမိန့်ချသွားမှာဖြစ်ပြီး အဲဒီအမှုတွေကိုလည်း ပြစ်ဒဏ် လျှော့ပေးဖို့ တောင်းဆိုတယ်လို့လည်း ကိုတိုးတိုးအောင် ကပြောပါတယ်။