မန္တလေးမှာ နိုင်ငံရေးအမှု လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေသုံးဦး အဖမ်းခံရ
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်လို့ ဖမ်းဆီးတရားစွဲခံထားရတဲ့ နိုင်ငံရေးအမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ မန္တလေးက ရှေ့နေသုံးဦး ဇွန်လ ၂၉ ရက်နေ့က အဖမ်းခံလိုက်ရတယ်လို့ ရှေ့နေအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေက ဇူလိုင် ၁ ရက် ဒီနေ့ RFA ကို ပြောပါတယ်။
- 2022-07-01
-
-
-
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်လို့ ဖမ်းဆီးတရားစွဲခံထားရတဲ့ နိုင်ငံရေးအမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ မန္တလေးက ရှေ့နေသုံးဦး ဇွန်လ ၂၉ ရက်နေ့က အဖမ်းခံ လိုက်ရတယ်လို့ ရှေ့နေအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေက ဇူလိုင် ၁ ရက် ဒီနေ့ RFA ကို ပြောပါတယ်။
ဇွန်လ ၂၉ ရက် ညနေပိုင်းက မန္တလေး အိုးဘိုအကျဉ်းထောင်တွင်း တရားရုံးကနေ အမှုလိုက် ပြီးအပြန်မှာ ရှေ့နေ ဦးတင်ဝင်းအောင်၊ ရှေ့နေ ဦးသုတနဲ့ နောက်ထပ် ရှေ့နေတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားတာလို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
“ဖမ်းခံရတာတော့ သုံးယောက်၊ နောက်တစ်ယောက်က နာမည်မသိရသေးဘူး။ အဲဒီမတိုင်ခင်ကလည်း မန္တလေးမှာ ဒေါ်ရွက်နုအောင် တို့အပါအဝင် ရှေ့နေသုံးယောက် လောက် အဖမ်းခံရတာရှိတယ်”
အခုဖမ်းဆီးခံရသူတွေနဲ့ အဆက်အသွယ်မရသေးသလို သူတို့ကို လောလောဆယ် ဘယ်မှာ ထိန်းသိမ်းထားတယ်ဆိုတာ အတိအကျ မသိရသေးဘူးလို့ သူက ဆိုပါတယ်။
ဇွန်လ တတိယပတ်ထဲမှာပဲ နိုင်ငံရေးမှုတွေ လိုက်ပါဆောင်ရွက်နေတဲ့ မန္တလေးက ရှေ့နေ ဒေါ်ခင်သန်းဌေးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး အိုးဘိုထောင်တွင်းတရားရုံးမှာ ရမန် ယူထားတာ တွေ့ရတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
အာဏာသိမ်းပြီးမှ အဖမ်းခံထားရတဲ့ မန္တလေးတိုင်း NLD ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် အပါအဝင် တိုင်းအစိုးရအဖွဲ့ဝင်တွေရဲ့ အမှုတွေကို လိုက်ပါဆောင်ရွက် ပေးနေတဲ့ မန္တလေးက ထင်ရှားတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင် ကတော့ ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့က ဖမ်းဆီးခံခဲ့ရပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၀ (ည) နဲ့ တရားစွဲခံထားရပါတယ်။
စစ်ကိုင်းတိုင်း မုံရွာမြို့မှာလည်း ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့ကစလို့ NLD အစိုးရ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ရဲ့ အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေ ဦးမိုးဇော်ထွန်း အပါအဝင် ရှေ့နေသုံးဦး အဖမ်းခံခဲ့ရပါတယ်။ နောက်ထပ် ရှေ့နေ နှစ်ဦး ကတော့ အဖမ်းခံရမှု ရှိ၊ မရှိ အတိအကျ မသိရ၊ အဆက်အသွယ်လည်း မရဘဲ ပျောက်ဆုံး နေတယ်လို့ မုံရွာမြို့ခံတွေက RFA ကို ပြောပါတယ်။
ရှေ့နေတွေ ဖမ်းဆီးခံရမှုနဲ့ ပတ်သက်လို့ အခုချိန်ထိ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီနေ့မွန်းလွဲပိုင်း ဖုန်းခေါ်ရာမှာ လက်ခံဖြေကြားခြင်း မရှိပါဘူး။
RFA က လက်လှမ်းမီသလောက် ပြုစုထားတဲ့စာရင်းတွေအရ အာဏာသိမ်းတစ်နှစ်ကျော် အတွင်း နိုင်ငံရေးအမှုတွေနဲ့ ဖမ်းဆီးတရားစွဲခံထားရသူတွေအတွက် လိုက်ပါဆောင်ရွက် ပေးနေတဲ့ ရှေ့နေတွေအပါအဝင် နိုင်ငံတစ်ဝန်းက ရှေ့နေစုစုပေါင်း ၂၇ ဦး အဖမ်းခံထားရ ပါတယ်။