ဒဂုံတက္ကသိုလ်သမဂ္ဂအဖွဲ့ဝင် သုံးဦး ထောင်သုံးနှစ်စီ ချမှတ်ခံရ
ဒဂုံတက္ကသိုလ်ကျောင်းသား သမဂ္ဂအဖွဲ့ဝင် ကိုရဲလင်းဦး၊ ကိုနေထက်လင်းနဲ့ မဝတ်ရည်အောင်တို့ဟာ မတ်လ ၁၀ ရက်နေ့က အင်းစိန်ထောင်တွင်း တရားရုံးကနေ ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅(က) နဲ့ အလုပ်နဲ့ ထောင်သုံးနှစ် ချမှတ်ခံလိုက်ရပါတယ်။
- 2022-03-11
-
-
-
ထောင်ချခံရသည့် ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုနေထက်လင်း၊ ကိုရဲလင်းဦးနဲ့ မဝတ်ရည်အောင် တို့ကို တွေ့ရစဥ်
Photo:University Students’ Unions Alumni Force
ဒဂုံတက္ကသိုလ်ကျောင်းသား သမဂ္ဂအဖွဲ့ဝင် ကိုရဲလင်းဦး၊ ကိုနေထက်လင်းနဲ့ မဝတ်ရည်အောင် တို့ဟာ မတ်လ ၁၀ ရက်နေ့က အင်းစိန်ထောင်တွင်း တရားရုံးကနေ ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅(က) နဲ့ အလုပ်နဲ့ ထောင်သုံးနှစ် ချမှတ်ခံလိုက်ရတယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ အဖွဲ့က ထုတ်ပြန်ထားပါတယ်။
သူတို့သုံးဦးရဲ့ ချုပ်ရက်တွေကိုတော့ ထုတ်နုတ်ခံစားခွင့်ပြုထားတယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ကိုရဲလင်းဦး၊ ကိုနေထက်လင်းနဲ့ မဝတ်ရည်အောင် တို့အပါအဝင် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ခြောက်ဦးကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ၁၄ ရက်နေ့က ကျောက်တံတားမြို့နယ်အတွင်းမှာ စစ်ကောင်စီက ဖမ်းဆီးခဲ့တာလို့ ဒဂုံတက္ကသိုလ်ကျောင်းသား သမဂ္ဂအဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
"ကျွန်မတို့ သူငယ်ချင်းတွေ ထောင်ထဲမှာ မတရားဖမ်းဆီး ချုပ်နှောင်ခံရတယ်။ စစ်တရားရုံးတွေက မတရားအမိန့်ချကြတယ်။ အထဲရောက်နေတဲ့ သူငယ်ချင်းတွေအတွက် အပြင်ကနေ ပိုလှုပ်ပေးမယ်။ ကူညီနိုင်တာ၊ လုပ်ပေးနိုင်တာတွေကို အစွမ်းကုန်လုပ်ပေးရင်း အာဏာရှင်ကို အဆုံးထိတော်လှန်မယ်"
ကိုရဲလင်းဦးအပါအဝင် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေဟာ ဆန္ဒပြဖို့ လူစုနေစဉ်မှာပဲ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ရိုက်နှက်ဖမ်းဆီးခဲ့တာလို့ သူက ပြောပါတယ်။
ကိုရဲလင်းဦးနဲ့ မဝတ်ရည်အောင်တို့ဟာ နောက်ထပ် စွဲဆိုခံထားရတဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ - ၅၂ (က) အမှုအတွက် အင်းစိန်ထောင်တွင်း တရားရုံးမှာ ဆက်လက်ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။