နိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် ဖွဲ့စည်း

ကျောင်းသားသမဂ္ဂအသစ်ကို ဖွဲ့စည်းကြောင်း သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ သင်္ကန်းကျွန်းမြို့နယ်မှာရှိတဲ့ ဓမ္မပီယကျောင်းတိုက် မှာ မေလ ၂၅ ရက်နေ့က ကျင်းပနေစဉ်
ကျောင်းသားသမဂ္ဂအသစ်ကို ဖွဲ့စည်းကြောင်း သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ သင်္ကန်းကျွန်းမြို့နယ်မှာရှိတဲ့ ဓမ္မပီယကျောင်းတိုက် မှာ မေလ ၂၅ ရက်နေ့က ကျင်းပနေစဉ် (Photo: Aung Thain Kha/ RFA)

တက္ကသိုလ်ကျောင်းသမဂ္ဂ (တကသ)နဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ဗကသ (မြေလတ်ဒေသ) တို့ ပူးပေါင်းပြီး နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (န.က.သ) ကို ဖွဲ့စည်းကြောင်း ကြေညာလိုက်ပါတယ်။

ဒီကနေ့ရန်ကုန်မြို့ သင်္ကန်းကျွန်းမြို့နယ်မှာရှိတဲ့ ဓမ္မပီယကျောင်းတိုက်မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး ကျောင်း သားသမဂ္ဂအသစ်ကို ဖွဲ့စည်းကြောင်း တကသ ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဇေယျာလွင် က ပြောပါတယ်။

"ကျနော်တို့ ကျောင်းသားသမဂ္ဂတွေ အဆင့်မြင့်ပညာရေးဥပဒေထဲမှာ တရားဝင် မပါလာသေးခင်အချိန်မှာ လွတ်လပ်စွာလှုပ်ရှားခွင့်ရနိုင်ဖို့အတွက် တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အဦး ပြန်လည်ဆောင် လုပ်နိုင်ဖို့ကိစ္စ၊ အဲ့လုပ်ငန်းစဉ်တွေကို အစိုးရပိုင်းကပုဂ္ဂိုလ်တွေနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ကိစ္စ အဲ့ကိစ္စတွေ လုပ်နိုင်ဖို့အတွက်ကို ဗကသအဖွဲ့ချုပ်(မြေလတ်)နဲ့ တကသများ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်၊ ကျနော်တို့နှစ်ဖွဲ့ ပူးပေါင်းပြီးတော့ ရှေ့ဆက်လုပ်ငန်းစဉ်တွေ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် လက်ရှိရှိနေတဲ့အနေအထား ထက်ပိုပြီး အကောင်းဆုံးအခြေအနေကို ရောက်မယ်လို့ မျှော်မှန်းမိပါတယ်"

အသစ်ဖွဲ့လိုက်တဲ့ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အဖွဲ့ချုပ် (န.က.သ)မှာ ကော်မတီဝင် ၂၇ ဦး ရှိပြီး ဒီမိုကရေစီ ပညာရေးပြုပြင်ပြောင်း လဲရေး၊ ကျောင်းသားထု အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး၊ ကျောင်းသားသမဂ္ဂ တရားဝင်ဖွဲ့စည်းရေးအတွက် ရည်ရွယ်ဖွဲ့စည်းတာလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော် သမ္မတ ဦးထင်ကျော်ရဲ့ အစိုးရအဖွဲ့နဲ့ လည်း ပူးပေါင်းဆောင်ရွက်သွားမယ် လို့ ပြောပါတယ်။ လာမယ့် သြဂုတ်လ ၆ ရက် နေ့ကနေ ၈ ရက်နေ့ အထိ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု ညီလာခံကို ရန်ကုန်မြို့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

အဲ့ဒီညီလာခံမှာ တက္ကသိုလ်တွေမှာ ကျောင်းသားသမဂ္ဂတွေ တရားဝင်ဖွဲ့စည်းနိုင်ဖို့အရေး ဆွေးနွေးသွားမယ် လို့ပြောပါတယ်။