လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက်ခိုင်နဲ့ ဦးကျော်ဇေယျ တို့ကို မြို့နယ် အလုပ်အမှုဆောင်အဖြစ်ကနေ NLD ရပ်ဆိုင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်သက်သက်ခိုင်နဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျတို့ကို မြို့နယ် အလုပ်အမှုဆောင်တွေအဖြစ်ကနေ ရပ်စဲလိုက်ပါတယ်။

တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ နဲ့ NLD ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်သက်သက်ခိုင် တို့ကို တွေ့ရစဉ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်သက်သက်ခိုင်နဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျတို့ကို မြို့နယ် အလုပ်အမှုဆောင်တွေအဖြစ်ကနေ ရပ်စဲလိုက်ပါတယ်။

ဒီလိုရပ်စဲကြောင်း NLD ပါတီက အကြောင်းကြားစာကို ဒီနေ့ လက်ခံရရှိတာဖြစ်ပြီး ဒီမိုကရေစီ စံချိန်စံနှုန်းတွေနဲ့ မကိုက်ညီဘူးလို့ ယူဆကြောင်း အလုပ်အမှုဆောင်အဖြစ်ကနေ ရပ်စဲခံရတဲ့ ဒေါ်သက်သက်ခိုင်က RFA ကို အတည်ပြု ပြောဆိုပါတယ်။

" ကျမက ဒီပါတီမှာ အလုပ်အမှုဆောင် ဖြစ်ခြင်းမဖြစ်ခြင်းကတော့ ကျမအတွက်ဘာမှ အရေးကြီးတဲ့ကိစ္စ မဟုတ်ဘူး။ အဓိကကတော့ ကျွန်အလုပ်လုပ်ချင်တာလည်း ပြည်သူအတွက် တိုင်းပြည်အတွက်ပဲလေ။ ပြောမယ်ဆိုရင်တော့ ဒီမိုကရေစီ စံနှုန်းတွေနဲ့ မပြည့်စုံဘူးပေါ့ ဆိုလို့ရှိရင် ကျမဒီလိုထွက်ပြောတာတောင် သူတို့က ကျမကိုအပြစ်ရှိတယ်လို့ ထင်ရင်လည်း ထင်မှာလေ။ ပါတီစည်းမျဉ်းကို ချိုးဖောက်တယ်လို့ ထင်ရင်လည်း ထင်မှာ ပြီးလို့ရှိရင် ကျမတို့မီဒီယာမှာ ပြောရင်ပါတီက မကြိုက်ဘူး။ မီဒီယာနဲ့စကားပြောတဲ့လူ မီဒီယာနဲ့ အလုပ်လုပ်တဲ့လူ ပါတီက မကြိုက်ဘူးဆိုတော့ အဲဒါကြီးက ဒီမိုကရေစီရဲ့ စံနှုန်းတွေနဲ့ ဆန့်ကျင်နေတာလေ။ မာတိကာနဲ့ အထဲထဲက အကြောင်းအရာ နဲ့လေ ခေါင်းစဉ်နဲ့ အထဲထဲက စာသားနဲ့ လွဲနေတဲ့ ပြဿနာပေါ့"

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက်ခိုင် အပါအဝင် ဒဂုံမြို့နယ်က တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျ ကိုလည်း မြို့နယ် ပါတီအလုပ်အမှုဆောင် တာဝန်ကနေ ရပ်စဲလိုက်တယ်လို့ သိရပါတယ်။ ဦးကျော်ဇေယျကိုတော့ RFA က အတည်ပြုနိုင်ဖို့ ဆက်သွယ်နေဆဲ ဖြစ်ပါတယ်။

ဒီနေ့ ပေးပို့တဲ့ စာထဲမှာ ပါတီ အလုပ်အမှုဆောင်တာဝန်ကနေ ဘယ်လိုအကြောင်းကြောင့် ရပ်စဲတယ်ဆိုတာမျိုး မပါဝင်ဘဲ သြဂုတ်လ ၂၅ ရက်နေ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရလို့သာ ပါဝင်ပြီး သြဂုတ်လ ၂၇ ရက်နေ့ ရက်စွဲနဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်း လက်မှတ် ရေးထိုးထားတယ်လို့ သိရပါတယ်။

NLD ပါတီက ပြောခွင့်ရသူတွေကို ဒီအကြောင်းနဲ့ ပတ်သက်လို့ RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဒီနေ့ နေ့လည်ပိုင်းအချိန်အထိ ဆက်သွယ်လို့ မရသေးပါဘူး။

ဒါ့အပြင် လွှတ်တော်တွင်း ဖွဲ့စည်းထားတဲ့ ကော်မတီတာဝန်တွေကလည်း နောက်ဆက်တွဲ ရပ်နားနိုင်တယ်လို့ ယူဆကြောင်း ဒေါ်သက်သက်ခိုင်က ပြောပါတယ်။

လက်ရှိမှာ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်သက်သက်ခိုင် တို့ကို မြို့နယ် အလုပ်အမှုဆောင်တာဝန်က ရပ်စဲလိုက်တဲ့အတွက် ဒဂုံမြို့နယ်မှာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း တစ်ဦးတည်းသာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org