စစ်ကောင်စီဝန်ကြီး ဒေါ်သက်သက်ခိုင်ရဲ့ ရွှေဆိုင်မှာ ဗုံးကွဲ

အာဏာသိမ်းစစ်ကောင်စီရဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါ်သက်သက် ခိုင် ပိုင်တဲ့ ရန်ကုန်တိုင်း၊ လသာမြို့နယ်၊ မဟာဗန္ဓုလလမ်းနဲ့ လမ်းမတော်လမ်းထောင့်မှာရှိတဲ့ ရွှေနန်းတော် စိန်ရွှေရတနာဆိုင်မှာ ဒီကနေ့ ဇူလိုင် ၈ ရက်မွန်းလွဲပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး ပျက်စီးမှုအနည်းငယ် ရှိခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဖြစ်စဉ်အနီး နေထိုင်သူတွေက ပြောပါတယ်။
"ပေါက်ကွဲမှုဖြစ်တော့ ဆိုင်ထိခိုက်ပျက်စီးမှုအချို့ရှိတယ်။ အဲဒီနေရာကိုတော့ အခု ပိတ်ထားလိုက်ပြီ။ ရဲတွေလည်း ရောက်နေတယ်။" လို့ ဖြစ်စဉ်အနီးနေထိုင်တဲ့ အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက RFA ကိုပြောပါတယ်။
ဗုံးကွဲပြီး မိနစ်ပိုင်းအတွင်းမှာပဲ အရေးပေါ်လူနာတင်ယာဉ်တွေ ရောက်လာပေမယ့် ထိခိုက်ဒဏ်ရာရသူ မတွေ့ရဘူးလို့ သူက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့ကလည်း ဒေါ်သက်သက်ခိုင် ရှယ်ယာပါတဲ့ ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းနဲ့ ဆရာစံလမ်းထောင့်မှာရှိတဲ့ တည်ဆောက်ဆဲ 68 Residence အဆင့်မြင့် ကွန်ဒိုမှာ ဗုံးသုံးလုံး ပေါက်ကွဲ ခဲ့ပါတယ်။
NLD အမတ်ဟောင်းဖြစ်တဲ့ ဒေါက်တာ ဒေါ်သက်သက်ခိုင်ဟာ NLD ပါတီကနေ ထုတ်ပယ်ခံရပြီးနောက် ပြည်သူ့ရှေ့ဆောင်ပါတီကို တည်ထောင်ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပေမယ့် အနိုင်မရခဲ့ပါဘူး။
အခု ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးချိန်မှာတော့ အာဏာသိမ်းစစ်တပ်ရဲ့ အုပ်ချုပ်ရေး ကောင်စီမှာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးအဖြစ် နေရာရလာတာ ဖြစ်ပါတယ်။