သမ္မတ ဦးသိန်းစိန် နိုင်ငံခြားခရီးစဉ်တွေ ကို ရွှေ့ဆိုင်း
သမ္မတ ဦးသိန်းစိန်ဟာ လာမယ့် သီတင်းပတ်အတွင်း သွားရောက်ဖို့ စီစဉ်ထားတဲ့ သြစတေးလျနဲ့ နယူးဇီလန် နိုင်ငံခရီးစဉ်တွေ ကို ရွှေ့ဆိုင်းလိုက်ကြောင်း သမ္မတရုံး အင်တာနက် စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။
-
2012-12-07 -
-
-
သြစတေးလျအစိုးရရဲ့ ဖိတ်ကြားချက်အရ ဦးသိန်းစိန် ဟာ ရှေ့လာမယ့် တနင်္လာနေ့နဲ့ အင်္ဂါနေ့တွေမှာ ကင်ဘာရာမြို့နဲ့ ဆစ်ဒနီမြို့တွေကို သွားရောက်လည်ပတ်ဖို့ စီစဉ်ထားတာဖြစ်ကြောင်း၊ ဒါပေမဲ့ လောလောဆယ် ပြည်တွင်းရေးကိစ္စတွေ ဆောင်ရွက်စရာရှိတဲ့အတွက် ခရီးစဉ်ကိုရွှေ့ဆိုင်းဖို့ ဆုံးဖြတ်လိုက်ကြောင်း သြစတေးလျ ဝန်ကြီးချုပ် Juila Gillard ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလက နယူးဇီလန် ဝန်ကြီးချုပ် မစ္စတာ John Key မြန်မာနိုင်ငံကို လာရောက်ခဲ့စဉ်အတွင်း ဦးသိန်းစိန် ကို အလည်အပတ်လာရောက်ဖို့ ဖိတ်ကြားခဲ့ပါတယ်။ မစ္စတာ John Key ဟာ ၅၄ နှစ်အတွင်း ပထမဆုံးလာရောက်တဲ့ နယူးဇီလန် အစိုးရအကြီးအကဲ ဖြစ်ပါတယ်။
ဒီဇင်ဘာ ၃ ရက်နေ့ကတော့ ဘရူနိုင်း ဒါရူဆလမ် နိုင်ငံကို နှစ်ရက်ကြာသွားရောက်ခဲ့ပြီး ဒီဇင်ဘာ ၅ ရက်နေ့က နေပြည်တော်ကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။
သမ္မတ ဦးသိန်းစိန်ဟာ လာအိုနဲ့ ဘရူနိုင်း ခရီးစဉ်ပြီးရင် သြစတေးလျနဲ့ နယူးဇီလန် နိုင်ငံတွေကို သွားရောက်ဖို့ စီစဉ်ထားခဲ့ပေမဲ့၊ အဲဒီခရီးစဉ်တွေကို မနေ့က ရွှေ့ဆိုင်းလိုက်တာဖြစ်ပါတယ်။
နှစ်ဦးနှစ်ဘက် အဆင်ပြေမယ့်အချိန်ကို သက်ဆိုင်ရာနိုင်ငံတွေနဲ့ ပြန်လည်ညှိနှိုင်းသွားမယ်လို့ သမ္မတရုံး အင်တာနက် စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။ ဒါပေမဲ့ ခရီးစဉ်ရွှေ့ဆိုင်းရတဲ့အကြောင်းရင်းကို ဖေါ်ပြမထားပါဘူး။