ဦးထင်လင်းဦးကို စွဲချက်တင်ဖို့ အမိန့်ချမှတ်
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာအကျဉ်းထောင် မှာ ဖမ်းဆီးခံထားရတဲ့ စာရေးဆရာ ဦးထင်လင်းဦးကို ဘာသာ သာသနာ ညှိုနွမ်းစေမှု၊ ဘာသာ သာသနာကို စော်ကားပုတ်ခတ်ပြော ဆိုမှုတို့နဲ့ စွဲချက်တင်ဖို့ ချောင်းဦးမြို့နယ် တရားသူကြီးက အမိန့်ချလိုက်ပါတယ်။
-
2015-03-17 -
-
-
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ စာရေးဆရာ ဦးထင်လင်းဦးကို ဘာသာ သာသနာညှိုနွမ်းစေမှု၊ ဘာသာ သာသနာ ကို စော်ကားပုတ်ခတ်ပြောဆိုမှုတို့နဲ့ စွဲချက်တင် ဖို့ ချောင်းဦးမြို့နယ် တရားသူကြီးက အမိန့်ချလိုက် ပါတယ်။
ဦးထင်လင်းဦးကို လဝက ဦးစီးမှူး ဦးထွန်းခိုင် စွဲဆို ထားတဲ့ အဲဒီပုဒ်မ ၂ ခုနဲ့ ငြိစွန်းတယ်ဆိုပြီး ချောင်းဦး မြို့နယ်တရားရုံးက ဒီနေ့ အမိန့်ချလိုက်တာဖြစ်တယ်လို့ ဦးထင်လင်းဦးရဲ့ရှေ့နေ ဦးဆန်းထွန်းအောင် က ပြောပါတယ်။
"ဆရာ ဦးထင်လင်းဦးအပေါ်မှာ ဒီကနေ့ စွဲချက် အမိန့်ချတာပေါ့နော်၊ သူ့ကိုအပြစ်ရှိတယ်လို့ ဒီနေ့အမိန့်ချလိုက်ပါတယ်၊ အမိန့်ချပြီးတဲ့အခါ မှာ ပြန်ခေါ်သက်သေ ဘယ်သူ့ခေါ်မလဲဆိုတာ တရားလိုရော တရားလိုပြသက်သေတွေကို ခေါ်ထားပါတယ်၊ သူတို့ကို ၂၄ ရက်နေ့မှာ တရားလိုနဲ့ အပါအဝင် နှစ်ယောက်လောက်စစ်ပါမယ်၊ ဥပဒေအကြောင်းအရာက သူတို့ကအပြစ်ရှိတယ်ဆိုပြီး တင်လိုက်ပါတယ်၊ ဒါပေမဲ့ တကယ်လက်တွေ့ကျတော့သူက သူတို့လုပ်ထုတ်ထားတဲ့ အရာလေးပေါ့နော် နဲနဲလေးနဲ့ပဲ တကယ်တန်းက သာသနာကိုညှိုးနွမ်းတယ်ဆိုပြီး စွဲထားတာပါ"
တရားလိုဖြစ်တဲ့ ချောင်းဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ဦးစီးမှူး ဦးထွန်းခိုင်က ပုဒ်မ ၂၉၅ (က) ဘာသာ သာသနာညှိုးနွမ်းစေမှု၊ ပုဒ်မ ၂၉၈ ဘာသာသာသနာကို စော်ကားပုတ်ခတ်ပြောဆိုမှုတို့နဲ့ တရားစွဲထားတာ ဖြစ်ပါတယ်။
ဦးထင်လင်းဦးကို အရင်က ရုံးထုတ်စစ်ဆေးရာမှာ သံဃာတော်တွေက တရားရုံးအပြင်ကနေ ဖိအားပေး စောင့် ကြည့်တာတွေရှိခဲ့ပေမဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်နေ့က ချောင်းဦးမြို့နယ် သံဃာ့မဟာနာယက ဆရာတော်တွေကို ဦးထင်လင်းဦးက ကန်တော့တောင်းပန်ပြီးတဲ့နောက် လာရောက်စောင့်ကြည့်တာတွေ မရှိတော့ဘူးလို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ချောင်းဦးမြို့နယ် သုံးပန်လှကျေးရွာမှာကျင်းပတဲ့ စာပေဟောပြောပွဲမှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးအရာရှိဟောင်း ဦးထင်လင်းဦးက ဘာသာ၊ သာသနာ လူမျိုးရေး အယူဝါဒတွေအကြောင်း ဟောပြောခဲ့တာကြောင့် တရားစွဲခံထားရတာ ဖြစ်ပါတယ်။