ဦးထင်လင်ဦး ထောင်ဒဏ်အယူခံမှု ခရိုင်တရားရုံး ပယ်ချ
2015.07.03

ဘာသာ၊ သာသနာညှိနွမ်းစေမှုနဲ့ တရားစွဲဆိုခံထားရတဲ့ စာရေးဆရာ ဦးထင်လင်းဦးက သူ့ကိုချမှတ် ထားတဲ့ ထောင်ဒဏ် ၂နှစ်နဲ့ ပတ်သက်ပြီး အယူခံဝင်ရာမှာ မုံရွာခရိုင်တရားရုံးက ဇူလိုင်လ ၁ရက်နေ့က ပယ်ချလိုက်ပါတယ်။
အယူခံတင်တာကို မစစ်ဆေးပေးဘဲ ပယ်ချလိုက်တာဟာ တရားခံအတွက် နစ်နာတယ်လို့ ဦးထင်လင်းဦးရဲ့ အမှုကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။
"ကျနော်တို့ရဲ့ အယူခံအခွင့်အရေးကို ငြင်းပယ်လိုက်တာပဲ၊ လုံးဝလက်ခံကြားနာခြင်းမပြုဘဲနဲ့ ပလပ်လိုက် တာဖြစ်တယ်၊ ကျနော်တို့ရဲ့ တင်ပြရမယ့်အချက်တွေကို ကျယ်ကျယ်ပြန့်ပြန့်မကြားနာဘူး၊ အဲ့ဒါ မကြားနာ ဝံ့တာလား မကြားနာချင်တာလား အဲ့ဒီနှစ်ခုပဲ၊ နောက်တဆင့်ကျရင် ကျနော်တို့က ပြင်ဆင်မှုတစ်ရပ် လုပ်ရမယ်၊ ပြင်ဆင်မှုကျတော့ ကျနော်တို့က အယူခံလိုချင်ရင်အပြတ်ပြောခွင့်မရှိတော့ဘူး၊ ဥပဒေပြဿနာ ပဲပြောရတော့မှာ ဥပဒေအချက်အလက်နဲ့ပြောရတော့မှာ အကြောင်းအချင်းအရာ ပြောခွင့်မရှိတော့ဘူး၊ အဲ့ဒီတော့ဒါဟာ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဥပဒေအတိုင်းပြောရရင်တော့ အယူခံတရားလိုအတွက် နစ်နာတယ်လို့ ကျနော်တို့ ပြောရမှာပေါ့၊ ဒါဟာတရားမျှတမှု ဆိတ်သုဉ်းတယ်လို့ပြောရမှာပါ"
မုံရွာခရိုင်တရားရုံးက ပယ်ချလိုက်တဲ့အတွက် စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော်ထံ ပြင်ဆင်ချက် တင်သွားမယ်လို့ ဦးသိန်းသန်းဦးက ပြောပါတယ်။
NLD ပါတီပြန်ကြားရေးအရာရှိဟောင်း စာရေးဆရာ ဦးထင်လင်းဦးဟာ စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် သုံးပန်လှကျေးရွာက စာပေဟောပြောပွဲမှာ ဘာသာ၊ သာသနာကို စော်ကားပုတ်ခတ်တဲ့ အသုံး အနှုန်းတွေ ဟောပြောခဲ့တယ်ဆိုပြီး ချောင်းဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန မြို့နယ်ဌာနမှူးက တရားလိုလုပ်ပြီး စွဲဆိုခဲ့တာဖြစ်ပါတယ်။ အဲဒီအမှုကို ပြီးခဲ့တဲ့ ဇွန်လ ၂ဝ ရက်နေ့ မှာ ချောင်းဦးမြို့နယ်တရားရုံးက အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။