ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲခံရတဲ့ ဦးသောဘိတ အာမခံရ

မန္တလေးမြို့၊ အမရပူရမြို့နယ် မဟာဂန္ဓာရုံကျောင်းတိုက်က ဆရာတော် ဦးသောဘိတ (အလကာၤကြယ်) ကို တပ်မတော် အရာရှိတစ်ဦးဖြစ်သူ ဒုဗိုလ်မှူးကြီး မျိုးခိုင်ဝင်းက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆိုထားရာမှာ ဆရာတော်က ဒီနေ့ အမရပူရမြို့မ ရဲစခန်းမှာ သွားရောက်အစစ်ဆေးခံခဲ့ပြီး ရဲစခန်းက အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲခံရတဲ့ ဆရာတော် ဦးသောဘိတ ကို မန္တလေးမြို့ အမရပူရမြို့မ ရဲစခန်းမှာ ၂ဝ၁၈ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့က တွေ့ရစဉ် Photo: Khaymani Win/RFA

မန္တလေးမြို့၊ အမရပူရမြို့နယ် မဟာဂန္ဓာရုံကျောင်းတိုက်က ဆရာတော် ဦးသောဘိတ (အလကာၤကြယ်) ကို တပ်မတော် အရာရှိတစ်ဦးဖြစ်သူ ဒုဗိုလ်မှူးကြီး မျိုးခိုင်ဝင်းက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆိုထားရာမှာ ဆရာတော်က ဒီနေ့ အမရပူရမြို့မ ရဲစခန်းမှာ သွားရောက်အစစ်ဆေးခံခဲ့ပြီး ရဲစခန်းက အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။

ဆရာတော် ဦးသောဘိတရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးသားချက်တွေဟာ တပ်မတော်နဲ့ တပ်မတော် သားတွေအပေါ် ဂုဏ်သိက္ခာကျဆင်းစေတယ်ဆိုပြီး အခု စက်တင်ဘာလ ၁၇ ရက်နေ့က အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က ဒုဗိုလ်မှူးကြီး မျိုးခိုင်ဝင်းက တရားလိုလုပ်ပြီး တရားစွဲခဲ့တာဖြစ်ပါတယ်။

ဒီအမှုနဲ့ ပတ်သက်လို့ ပြင်ဆင်ခဲ့တာတွေကို ဆရာတော် ဦးသောဘိတက အခုလို မိန့်ပါတယ်။

"တရားဥပဒေရဲ့ အဆင့်ဆင့်သွားရမှာတွေကိုကျော်ပြီးတော့ အင်နဲ့အားနဲ့ တိုက်ထဲကိုဝင်သွားတဲ့ လုပ်ရပ် ကိုမကြိုက်လို့ ရှောင်လိုက်တယ်။ အခြေနေကို ပြင်ဆင်တယ်။ ပုံမှန် ၆၆ လိုမဟုတ်ဘူးလို့ ခံစားရလို့ ဥပဒေပညာရှင်နဲ့ တိုင်ပင်တယ်။ ပညာရှင်တွေအားတဲ့ ဒီနေ့ဒီရက်ကို ရွေးပြီးလာလိုက်တယ်"

အခုလို အမှုဖြစ်ပွားတာဟာ ကျောင်းတိုက်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ အပြုအမူဖြစ်တယ်ဆိုပြီး မဟာဂန္ဓာ ရုံကျောင်းတိုက်က နာယကဆရာတော်ကြီး လေးပါးက လတ်မှတ်ထိုးပြီး ဆရာတော် ဦးသောဘိတကို အခုလ ၂၅ ရက်နေ့က ကျောင်းတိုက်က ထုတ်ပယ်ခဲ့ပါတယ်။

မဟာဂန္ဓာရုံကျောင်းတိုက်ကနေ ထုတ်ပယ်လိုက်တာကလည်း တရားစွဲဆိုတဲ့ အဖွဲ့အစည်းက ဖိအားပေး တာကြောင့်ဖြစ်တယ်လို့ ယူဆကြောင်း ဆရာတော်က မိန့်ပါတယ်။

ဦးသောဘိတရဲ့ ရှေ့နေအဖြစ် မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်က ရှေ့နေတွေက ဆောင်ရွက်မှာဖြစ်ပြီး ဒီနေ့ ရဲစခန်းကို သံဃာတော်တွေနဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင်တချို့ လာရောက်ဝန်းရံခဲ့ပါတယ်။

ဒီနေ့ စစ်ဆေးမှုကို တရားလိုဘက်က လာရောက်တာ မရှိခဲ့ဘူးလို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org