သထုံမှာ လက်နက်ကြီးကြောင့် ဒေသခံ သုံးထောင်နီးပါး ထွက်ပြေး

သထုံ KNU တပ်မဟာ ၁ ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် တစ်ဦး ဒဏ်ရာရပြီး ၂၈၉၂ ဦး ထွက်ပြေးနေရပါတယ်။

သထုံမြို့နယ် KNU တပ်မဟာ ၁ ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီ လက်နက်ကြီးနှင့် ပစ်ခတ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့က တွေ့ရစဉ်။ KNU

မွန်ပြည်နယ် သထုံမြို့နယ်က ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၁ ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ကဇိုင်းရွာက အရပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး အရပ်သား ၂၈၉၂ ဦး ထွက်ပြေးနေရတယ် လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ-၉ နဲ့ အမြောက်တပ်ရင်း အမတ-၃၁၄ တို့က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အသက် ၃၅ နှစ်အရွယ် ဒေါ်မဝင်း ဒဏ်ရာရရှိခဲ့ပြီး ရွှေရောင်ပြကျေးရွာ၊ ဇီးဝန်းကျေးရွာ၊ အဝင်းကြီးကျေးရွာတွေက အရပ်သားတွေ ထွက်ပြေးတိမ်းရှောင်နေရတာပါ။

ဇူလိုင်လ ၂၁ ရက်နေ့ မနက်ပိုင်းကစပြီး လက်နက်ကြီးနဲ့ ၁၅ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့တာကြောင့် ထွက်ပြေးနေရတာလို့  ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"လက်နက်ကြီး တစ်လုံးပြီး တစ်လုံး ထုနေတော့ အိမ်မှာဆက်နေလို့ မရတော့ဘူးလေ။ ထိခိုက်ဒဏ်ရာရတဲ့ သူကျတော့ သူ့အိမ်မှာ အဝတ်လျှော်နေရင်း လက်နက်ကြီး အပိုင်းအစ ထိသွားတာလို့ သိထားပါတယ်။ခြေထောက်ကို ထိတာ နည်းနည်းများတယ်။ အသက်အန္တရာယ် စိုးရိမ်လောက်တဲ့အထိတော့ မရှိဘူး"

ထွက်ပြေးတိမ်းရှောင်နေရတဲ့ အရပ်သားတွေဟာ နီးစပ်ရာရွာတွေနဲ့ သထုံမြို့ပေါ်က သာသနိကအဆောက်အအုံတွေမှာ သွားရောက်ရှောင်တိမ်းနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မွန်ပြည်နယ်ပြောခွင့်ရသူ ဦးတိုးဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

စစ်ရေးပဋိပက္ခတွေကြောင့် KNU ထိန်းချုပ်နယ်မြေထဲမှာ အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် ခြောက်သိန်းနီးပါး (၅၉၉,၄၀၀ ဦး) ရှိနေပြီး အဲဒီထဲက နှစ်သိန်းခြောက်သောင်းကျော် (၂၆၉,၆၃၃ ဦး) ကို ကူညီထောက်ပံ့ပေးထားတယ်လို့ KNU က ဇူလိုင်လ ၁၆ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ 

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org