သံဇစ်မြစ်ရေ ညစ်ညမ်းမှုကြောင့် ဂုံးအမြောက်အများ သေဆုံး
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းအနီးက သံဇစ်မြစ်ရေညစ်ညမ်းမှု ဖြစ်ပေါ်ခဲ့ပြီးနောက် ဒီရက်ပိုင်းတွင်းမှာ ဂုံးကောင်ရေ အမြောက်အများ သေဆုံးတာတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
-
2018-09-23 -
-
-
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းအနီးက သံဇစ်မြစ်ရေညစ်ညမ်းမှု ဖြစ်ပေါ်ခဲ့ပြီးနောက် ဒီရက်ပိုင်းတွင်းမှာ ဂုံးကောင်ရေ အမြောက်အများ သေဆုံးတာတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်ဖြူမြို့နယ် မဒေးကျွန်းအနီးတဝိုက်မှာ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းက သံဇစ်မြစ်ရေ ညစ်ညမ်းမှုဖြစ်ခဲ့ပါတယ်။
သံဇစ်မြစ်နဲ့ ဆက်စပ်နေတဲ့ ကျောက်ဖြူမြို့နယ် လောင်းချောင်းမြစ်နဲ့ အမ်းမြို့နယ် ကျားအိုချောင်းပေါက် ကမ်းရိုးတန်း တလျှောက်မှာ သေဆုံးနေတာကို မနေ့က တွေ့ခဲ့ရတာလို့ အမ်းမြို့နယ် ပိုက်လိုင်းစောင့်ကြည့်ရေးအဖွဲ့က ဥက္ကဋ္ဌ ကိုမျိုးလွင်က ပြောပါတယ်။
"ဂုံးကောက်တဲ့သူတွေ ပြောပြချက်အရတော့ ရေညစ်လာပြီး တစ်ပတ်အတွင်းမှာ လတ်လတ်ဆတ်ဆတ် အသေတွေ တွေ့တယ်လို့ပြောတယ်၊ ပထမတွေ့တာကတော့ ၁၀ လုံးမှာ ၇ လုံးလောက်ပဲတွေ့တယ်၊ အခုဆိုရင် ၁၀ လုံးမှာ ၉ လုံးလောက်တွေ့နေရတယ်၊ ဒါက သူတို့ကောက်တဲ့ ဂုံးအလုံးကြီးတွေမှာတွေ့တာ၊ အလုံး အသေးတွေက အသက်ရှင်နေတဲ့ ပုံစံမျိုးတောင် ရှားရှားပါးပါးပဲတွေ့တယ်၊ အားလုံးက အသေပဲဖြစ်နေတယ်"
သံဇစ်မြစ်မှာ ရေညစ်ညမ်းမှုဖြစ်ခဲ့ပြီး နောက်ဆက်တွဲ အခြေအနေကို အမ်းမြို့နယ် ပိုက်လိုင်းစောင့်ကြည့်ရေးအဖွဲ့က စစ်တမ်းကောက်ယူမှုတွေ ပြုလုပ်နေပါတယ်။
ကောက်ယူထားတဲ့ စစ်တမ်းတွေအရ ဒီရက်ပိုင်းမှာ မြစ်ရေက ပြန်ကြည်လင်လာပေမယ့် ရေညစ်ညမ်းမှုရဲ့ နောက်ဆက်တွဲအနေနဲ့ ဂုံးတွေ အမြောက်အမြားသေဆုံးတာ၊ ဂဏန်း၊ ပုဇွန်၊ ငါး ရှာရတာ အရင်ကထက် သိသိသာသာ လျော့ကျလာတာတွေကို တွေ့ရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဒါ့အပြင် ကျောက်ဖြူမြို့နယ်နဲ့ အမ်းမြို့နယ်က ဂုံးဖမ်းတဲ့ ရေလုပ်သား တစ်ရာကျော်မှာလည်း အရေပြား ယားယံတာနဲ့ အဖုအပိန့်ထွက်တာစတဲ့ အရေပြားရောဂါတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
အရေပြားထိခိုက်မှုတွေဖြစ်ပေါ်ခဲ့တဲ့ ရေလုပ်သား တစ်ရာကျော်ထဲက ငါးယောက်ကို အမှန်တကယ် အရေပြားရောဂါဖြစ်ပွားမှုရှိမရှိ ကျောက်ဖြူမြို့နယ် ဆေးရုံကို ဒီနေ့ ပို့ပြီးစစ်ဆေးသွားမယ်လို့ သိရပါတယ်။
အခုလို ရေညစ်ညမ်းမှုတွေ၊ ဂုံးကောင်တွေ အမြောက်အများသေဆုံးတာတွေ အရင်က ဖြစ်ပေါ်ခဲ့ဖူးတာ မရှိတဲ့အတွက် တံငါလုပ်ငန်းလုပ်ကိုင်သူတွေနဲ့ ဒေသခံတွေကြားစိုးရိမ်မှုတွေ ရှိနေပါတယ်။
ပြည်နယ်အစိုးရအနေနဲ့ ရေညစ်ညမ်းမှုဖြစ်ပေါ်ခဲ့တဲ့ကိစ္စကို စုံစမ်းစစ်ဆေးပြီး တိကျတဲ့အဖြေ ထုတ်ပြန်ပေးဖို့နဲ့ ရေညစ်ညမ်းမှုရဲ့ နောက်ဆက်တွဲဖြစ်ပေါ်လာတာတွေကို ပြည်နယ်အစိုးရအနေနဲ့ ဖြေရှင်းဆောင်ရွက်ပေးဖို့ ဒေသခံတွေက လိုလားနေကြပါတယ်။