သရက်ချောင်းမှာ စစ်ကြောင်းကြောင့် ဒေသခံသုံးထောင်နီးပါး ထွက်ပြေးနေရ

သရက်ချောင်းမြို့နယ်က ရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီး စစ်ကြောင်းထိုး စီးနင်းနေတာကြောင့် ဒေသခံသုံးထောင်ခန့် ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တနင်္သာရီတိုင်း စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့က တွေ့ရစဥ်။ Facebook/ နွေဦးမေတ္တာ-စစ်ဘေးရှောင်ကူညီပံ့ပိုးရေးအဖွဲ့

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်က ရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီး စစ်ကြောင်းထိုး စီးနင်းနေတာကြောင့် ဒေသခံသုံးထောင်ခန့် ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက အောက်တိုဘာ ၂၈ ရက် ဒီနေ့မှာ ပြောပါတယ်။

အင်အားနှစ်ရာခန့်နဲ့ စစ်ကြောင်း ထိုးနေတာဖြစ်ပြီး ဒီမနက်မှာတော့ ဥတ္တူရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်လာလို့ ထွက်ပြေးနေရတာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဒီမနက် ခုနစ်နာရီလောက်က ဥတ္တူရွာကို စစ်ကြောင်းထိုးလာတယ်။ စစ်ကြောင်းထိုးလာတဲ့အချိန် လက်နက်ကြီးတွေနဲ့ ပစ်ခတ်၀င်လာတာ။ ဒီမနက်ဆို ပစ်ခတ်မှု နှစ်ကြိမ်ရှိပြီ။ ဒေသခံတွေ တော်တော်များများက ရွာထဲမှာ မရှိတော့ဘူး။ အကုန် ရှောင်နေကြပြီ။ စစ်ကြောင်းထဲမှာ လက်နက်ကြီးပါ ပါလာပြီး အဲဒါနဲ့ ရမ်းသမ်းပြီး ပစ်ခတ်နေတယ်”

ဒီစစ်ကြောင်းဟာ အောက်တိုဘာ ၂၅ ရက်နေ့ကစလို့ သရက်ချောင်းမြို့နယ်ထဲက ရွာတွေကို စစ်ကြောင်းထိုးနေတာဖြစ်ပြီး သရက်နှစ်ခွ၊ ပန်းပြင်၊ ဥတ္တူနဲ့ မဲနယ်ကုန်း စတဲ့ရွာတွေက ဒေသခံတွေ တိမ်းရှောင်နေရတာလို့ ဆိုပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်တာမျိုး မရှိသေးပေမဲ့ နှစ်ဖက်စစ်ရေး တင်းမာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ တနင်္သာရီတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးသက်နိုင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်နေ့ကလည်း သရက်ချောင်းမြို့နယ်မှာ စစ်ကောင်စီဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်တစ်လုံး ဘုန်းကြီးကျောင်းပေါ်ကို ကျရောက်ပေါက်ကွဲပြီး ပျက်စီးမှုတချို့ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာ တစ်လအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြာင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနဲ့ စစ်ကြောင်းထိုးစီးနင်းမှုတွေကြောင့် ဒေသခံ ၁၇ ဦးအထိ သေဆုံးခဲ့ပြီး လူပေါင်း ၅၉,၀၀၀ ခန့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ တနင်္သာရီတိုင်းအခြေစိုက် သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ FE5 Tanintharyi တာဝန်ရှိသူတွေက ပြောထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org