သရက်ချောင်းမှာ သန်းခေါင်စာရင်းကောက်ဖို့ ပြင်ဆင်သူ ကိုးဦး ဖမ်းဆီးခံထားရ
ဒီလူတွေဟာ သန်းခေါင်စာရင်းကောက်ယူဖို့ ပြင်ဆင်တာကြောင့် ဖမ်းဆီးထားတာလို့ သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့က ရဲဘော်တစ်ဦးက ပြောပါတယ်။
-
RFA Burmese
2024-10-12 -
-
-
တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်မှာ သန်းခေါင်စာရင်းကောက်ယူဖို့ပြင်ဆင်နေတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ကိုးဦးကို မြို့နယ်ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။
ဒီလူတွေဟာ သန်းခေါင်စာရင်းကောက်ယူဖို့ ပြင်ဆင်တာကြောင့် ဖမ်းဆီးထားတာလို့ သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့က ရဲဘော်တစ်ဦးက ပြောပါတယ်။
"အားလုံးကိုးဦးပေါ့၊ ဖမ်းထားတာကလေ၊ သူတို့က သန်းခေါင်စာရင်းတော့ မကောက်သေးဘူး၊ ဒါပေမဲ့ သင်တန်းတက်တာမှာပါတယ်၊ သန်းခေါင်စာရင်းကောက်ဖို့ ပြင်ဆင်နေတာတွေ ရှိတယ်ပေါ့၊ အဲဒီအတွက်ကြောင့် ထိန်းသိမ်းထားတာပဲ ရှိတယ်"
အောက်တိုဘာ ၉ ရက်နဲ့ ၁၀ ရက်တွေက ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး၊ သန်းခေါင်စာရင်ကောက်ရာမှာ ပါဝင်သူ အရပ်သားတစ်ဦးနဲ့ ဆရာမ ခုနစ်ဦးအပါအဝင် ကိုးဦးကို ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ သူတို့ဟာ ပန်းချီရှောင်၊ မဲနယ်အိုး၊ သရက်နှစ်ခွနဲ့ ရန်တောင် စတဲ့ရွာတွေကဖြစ်တယ်လို့လည်း ပြောပါတယ်။ အခုဖမ်းဆီးထိန်းသိမ်းထားသူတွေနဲ့ပတ်သက်ပြီး ဘယ်လိုဆက်လက်ဆောင်ရွက်မလဲဆိုတာတော့ အသေးစိတ် မသိရသေးပါဘူး။
ဖမ်းဆီးခံရသူတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ပြောခွင့်ရ တနင်္သာရီတိုင်း လူမှုရေးဝန်ကြီး ဦးသက်နိုင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်ပေမဲ့ ဖုန်းမဖြေပါဘူး။
သန်းခေါင်စာရင်းကောက်ယူရာမှာ ပူးပေါင်းပါဝင်သူတွေကို ရန်သူအဖြစ် သတ်မှတ်ပြီး ပြင်းထန်စွာ အပြစ်ပေး အရေးယူမယ်လို့ သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က အောက်တိုဘာလ ၇ ရက်နေ့မှာ သတိပေးထားပါတယ်။
လောင်းလုံမြို့နယ်မှာလည်း သန်းခေါင်စာရင်းကောက်ရာမှာပါဝင်သူ ကိုးဦးကို ဖမ်းဆီးထားပြီး အရေးယူဆောင်ရွက်သွားမယ်လို့ မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
အောက်တိုဘာ ၁ ရက်နေ့ကစပြီး စစ်ကောင်စီက လုံခြုံရေးအင်အားအလုံးအရင်းနဲ့ နိုင်ငံတစ်ဝန်း သန်းခေါင်စာရင်းကောက်ယူနေတာဖြစ်ပါတယ်။ စစ်ကိုင်း၊ တနင်္သာရီ၊ မန္တလေး၊ ချင်း စတဲ့ နေရာတွေမှာ သန်းခေါင်စာရင်းကောက်တဲ့အဖွဲ့တွေ ဆန့်ကျင်တိုက်ခိုက်ခံနေရတဲ့အပြင် သန်းခေါင်စာရင်းကောက်တဲ့အဖွဲ့မှာ ပါဝင်သူတွေလည်း ဖမ်းဆီးထိန်းသိမ်းခံရတာတွေ ရှိနေပါတယ်။