သံတွဲမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲပြင်းထန်နေ

စစ်ကောင်စီတပ်ရဲ့ ငပလီနဲ့ မောင်ရွှေလေး ရေတပ်စခန်းကနေ လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေပြီး ဒေသခံတွလည်း ထွက်ပြေးနေရတယ်လို့ သံတွဲဒေသခံတစ်ဦးက ပြောပါတယ်။

သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းအနီးရှိ ရေကောက်ရွာနှင့် ပုရစ်ရွာကို ဝေဟင်မှ တွေ့ရစဉ်။ MOI

ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့နယ် သူဌေးချောင်းရေအားလျှပ်စစ် စီမံကိန်းအနီးမှာ ဧပြီလ ၂၆ ရက် ဒီနေ့ မနက် ၇ နာရီခန့်ကစလို့ ညနေပိုင်းအထိ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်ရဲ့ ငပလီနဲ့ မောင်ရွှေလေး ရေတပ်စခန်းကနေ လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေပြီး ဒေသခံတွလည်း ထွက်ပြေးနေရတယ်လို့ သံတွဲဒေသခံတစ်ဦးက ပြောပါတယ်။

“တိုက်ပွဲက မနက် ခုနစ်နာရီလောက်ကစဖြစ်တာ အခုအထိပဲ။ လက်နက်ကြီးရော၊ လက်နက်ငယ်သံရော အများကြီးကြားရတယ်။ ငပလီနဲ့ မောင်ရွှေလေးရေတပ်ကလည် မနက်ကတည်းက လက်နက်ကြီးတွေနဲ့ လှမ်းပြီး ပစ်နေတာ။ တိုက်ပွဲဖြစ်တာက အရင်နေရာအနီးဝန်းကျင်ပါပဲ။ သူဌေးချောင်းနဲ့နီးတယ်။ အခု သူဌေးချောင်း စီးမံကိန်းမှာ အလုပ်လုပ်နေတဲ့သူတွေလည်း သံတွဲကို ထွက်ပြေးလာပြီလို့ သိရတယ်”

သံတွဲမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်နေ့ကစလို့ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေပြီး ပုရစ်ရွာနဲ့ ရေကောက်ရွာက လူဦးရေ နှစ်ထောင်ကျော်လည်း ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ သူက ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားနေဆဲ ဖြစ်တာကြောင့် နှစ်ဖက်ထိခိုက်မှု အခြေအနေတွေကို မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရ ဦးခိုင်သုခနဲ့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကိုတို့ RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။

ရခိုင်ပြည်နယ်က တစ်ကျော့ပြန်တိုက်ပွဲ ငါးလကျော်အတွင်း ပေါက်တော၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ရမ်းဗြဲ၊ မြေပုံနဲ့ ချင်းပြည်နယ် ပလက်ဝ စတဲ့မြို့နယ် ကိုးမြို့နယ်ကို AA က သိမ်းပိုက်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org