ထိုင်းရောက် မြန်မာတွေ အလုပ်လုပ်ခွင့်ကဒ် ဇူလိုင်လကုန်အထိ လျှောက်ထားနိုင်
ထိုင်းအလုပ်သမားဝန်ကြီးဌာနက အိမ်နီးချင်း လေးနိုင်ငံက အလုပ်သမားတွေ အလုပ်လုပ်ကိုင်ခွင့် ကဒ်ပြားလျှောက်ထားဖို့ သတ်မှတ်ရက်ကို ဒီလကုန်အထိ သက်တမ်းတိုးပေးလိုက်ပါတယ်။
-
RFA Burmese
2023-07-06 -
-
-
ထိုင်းအလုပ်သမားဝန်ကြီးဌာနက မြန်မာအပါအဝင် အိမ်နီးချင်း လေးနိုင်ငံက လာရောက်တဲ့ အလုပ်သမားတွေအတွက် အလုပ်လုပ်ကိုင်ခွင့် ကဒ်ပြားလျှောက်ထားဖို့ သတ်မှတ်ရက်ကို ဒီလကုန်အထိ သက်တမ်းတိုးပေးလိုက်ကြောင်း မနေ့က (ကြာသပတေးနေ့) ကြေညာပါတယ်။
အခုလိုသက်တမ်းတိုးပေးလိုက်တာကြောင့် ပြီးခဲ့တဲ့ မေလလယ် အထိသတ်မှတ်ထားတဲ့ရက်မှာ ကဒ်ပြားမလုပ်လိုက်ရတဲ့ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ်နိုင်ငံတွေက အလုပ်သမား ငါးသိန်းခန့်ဟာ ဇူလိုင်လ ၃၁ ရက်အထိ နေထိုင်လျှောက်ထားခွင့် ရရှိသွားပြီဖြစ်ပါတယ်။
အလုပ်သမားကဒ်လျှောက်ထားခွင့်နဲ့ အကျုံးဝင်မဲ့ အလုပ်သမား အမျိုးအစား သုံးခုရှိပါတယ်။
ပထမ အမျိုးအစားကတော့ အိမ်နီးချင်း လေးနိုင်ငံကနေ ထိုင်းကိုရောက်ရှိနေတဲ့ နိုင်ငံကူးလက်မှတ် သက်တမ်းကုန်ဆုံးနေသူတွေနဲ့အတူ အလုပ်လက်မဲ့ဘဝနဲ့ အလုပ်ရှင်အသစ်မရှာရသေးသူတွေဖြစ်ပါတယ်။
ဒုတိယအမျိုးအစားက နေထိုင်ခွင့်ဗီဇာ သက်တမ်းလွန်တဲ့ တရားမဝင်နေထိုင်သူတွေဖြစ်ပြီး တတိယအမျိုးအစားကတော့ တရားမဝင်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေဖြစ်ပါတယ်။
အခုအမိန့်စာနဲ့ အကျုံးဝင်လျှောက်ထားချင်တဲ့ အလုပ်ရှင်တွေအနေနဲ့ ၁၅ ရက်အတွင်း သူတို့ အလုပ်သမားတွေအတွက် လျှောက်လွှာတင်ရမှာဖြစ်တယ်။
အလုပ်လုပ်ခွင့်ကဒ်လျှောက်ထားမဲ့သူတွေနဲ့အတူ သူတို့ရဲ့ အသက် ၁၈ နှစ်အောက် သား၊ သမီးတွေလည်း ထိုင်းနိုင်ငံမှာ နေထိုင်ခွင့်ရှိတယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ပြောပါတယ်။
ထိုင်းနိုင်ငံမှာ တရားမဝင် လာရောက်လုပ်ကိုင်နေသူတွေ အပါအဝင် မြန်မာ အလုပ်သမား စုစုပေါင်း တစ်သန်းကျော်ရှိတယ်လို့ အလုပ်သမားအဖွဲ့အစည်းတွေက ခန့်မှန်းထားပါတယ်။