မြန်မာပြည်အရေးကူညီပေးဖို့ ထိုင်းအစိုးရသစ်ကို ပီတ လင်ဂျာရွှန်ရက် တိုက်တွန်း
ပြီးခဲ့တဲ့နှစ်အတွင်း ထိုင်း အိမ်ခြံမြေ စျေးကွက်မှာ မြန်မာနိုင်ငံသားတွေက ဝယ်ယူမှုအများဆုံး တတိယနေရာမှာ ရှိနေပြီး မြန်မာနိုင်ငံက ဆရာဝန်နဲ့ ပညာတတ်တွေလည်း ထိုင်းမှာ ရောက်ရှိခိုလှုံနေတယ်လို့ ဆိုပါတယ်။
-
RFA Burmese
2023-10-30 -
-
-
မြန်မာနဲ့ ထိုင်းနိုင်ငံကြားမှာ လူသားချင်းစာနာမှုဆိုင်ရာ စီးပွားရေးစင်္ကြံတစ်ခု ထူထောင်ပေးဖို့နဲ့ ထိုင်း- မြန်မာ နှစ်နိုင်ငံလုံးမှာရှိနေတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှုဆိုင်ရာတွေ ဝင်ရောက် ကူညီခွင့်ပေးဖို့ ထိုင်းနိုင်ငံ ရွေးကောက်ပွဲမှာ အနိုင်ရပေမဲ့ ဝန်ကြီးချုပ်ဖြစ်ခွင့်မရခဲ့သူ ပီတ လင်ဂျာရွှန်ရက်က ထိုင်းအစိုးရသစ်ကို တိုက်တွန်းလိုက်ပါတယ်။
အောက်တိုဘာလ ၃ဝ ရက်နေ့က အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်မှာ ကျင်းပတဲ့ နိုင်ငံတကာငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးပွဲတက်ရောက်ချိန် မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး သတင်းထောက် တစ်ဦးက မေးမြန်းရာမှာ ပီတက အခုလို ပြောခဲ့တာပါ။
ထိုင်းနိုင်ငံအနေနဲ့ လူ့အခွင့်အရေးဆိုင်ရာကိစ္စတွေကို အလေးမပေးရင်တောင်မှ မြန်မာနိုင်ငံသားတွေဆီကနေ ရလာမယ့် စီးပွားရေးအခွင့်အလမ်းတွေကို ဂရုပြုသင့်တယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်း ထိုင်း အိမ်ခြံမြေ စျေးကွက်မှာ မြန်မာနိုင်ငံသားတွေက ဝယ်ယူမှုအများဆုံး တတိယနေရာမှာ ရှိနေပြီး မြန်မာနိုင်ငံက ဆရာဝန်နဲ့ ပညာတတ်တွေလည်း ထိုင်းမှာ ရောက်ရှိခိုလှုံနေတယ်လို့ ဆိုပါတယ်။ ဒီဆရာဝန်တွေက ထိုင်းနယ်စပ် က မြန်မာစစ်ဘေးဒုက္ခသည်တွေကို ကူညီနိုင်တာကြောင့် ထိုင်းနိုင်ငံအနေနဲ့ သူတို့ကို အလေးထားပြီး ဂရုစိုက် သင့်တယ်လို့လည်း ပြောပါတယ်။
မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အာဆီယံဘုံသဘောညီချက် ငါးရပ်ကို ငါးနှစ်အတွင်း အကောင်အထည် ဖော်နိုင်ရေးနဲ့ မြန်မာပြည်သူတွေကို ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ ငြိမ်းချမ်းရေး ပြန်လည်ပေးအပ်ရာမှာ ထိုင်းအစိုးရအနေနဲ့ အဓိကအခန်းကဏ္ဍက ပါဝင်တာကို မြင်တွေ့လိုကြောင်းလည်း ပီတ က ပြောခဲ့ပါတယ်။