ထိုင်းရောက် မြန်မာတွေ သတိထားဖု့ိ လူမှုအဖွဲ့ နှိုးဆော်
ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေ တဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ နဲ့ပတ်သက်ပြီး လူမှုကွန်ရက်တွေမှာ မြန်မာ မုန်းတီးရေးကို လှုံ့ဆော်မှုတွေရှိနေတဲ့အတွက် မြန်မာအလုပ် သမားတွေအနေနဲ့ သတိထားသွားလာကြဖို့ ရွှေ့ပြောင်း အလုပ်သမားအရေး ကူညီနေတဲ့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုး တက်ရေးဖောင်ဒေးရှင်းက မနေ့က သတင်းထုတ်ပြန်လိုက် ပါတယ်။
-
2016-07-02 -
-
-
Your browser doesn’t support HTML5 audio
ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနဲ့ပတ်သက်ပြီး လူမှုကွန်ယက်တွေ မှာ မြန်မာမုန်းတီးရေးကို လှုံ့ဆော်မှုတွေရှိနေတဲ့ အတွက် မြန်မာအလုပ်သမား တွေအနေနဲ့ သတိထားသွားလာ ကြဖို့ ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီနေတဲ့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းက မနေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။
မြန်မာတွေကို မြန်မာပြည် ပြန်ပို့သင့်ကြောင်း နဲ့ ထိုင်းနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို ထိခိုက်နိုင်ကြောင်း စတဲ့ လှုံ့ဆော်မှုတွေ ပျံ့နှံ့နေတဲ့အတွက် သတိပေးတာဖြစ် တယ်လို့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း အမှုဆောင်ဒါရိုက်တာ ဦးထူးချစ် က ပြောပါတယ်။
"မြန်မာနိုင်ငံသားတွေက သူတို့ရဲ့အလုပ်တွေကို လုလုပ်နေတယ်၊ ထိုင်းနိုင်ငံမှာတခြားရောဂါတွေ က ရွှေ့ပြောင်းအလုပ်သမားတွေကယူလာတယ်၊ ထိုင်းနိုင်ငံရဲ့အမျိုးသားလုံခြုံရေးပါထိခိုက်နိုင်တယ်၊ မူးယစ်ဆေးကိစ္စတွေလည်း ပတ်သက်တယ်၊ လူမှုကွန်ယက်တွေမှာ လှုံ့ဆော်မှုတွေရှိတယ်၊ ကျနော် တို့ရဲ့လုပ်ဖော်ကိုင်ဖက် အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ လှုမှုရေးအသင်းအဖွဲ့တွေ၊ တာဝန်ရှိတဲ့သူတွေက သတိပေးတာတွေရှိတယ်၊ ဒါကြောင့် ကျနော်ကထိုင်းမှာနေတဲ့ ရွှေ့ပြောင်းအလုပ် သမားတွေအတွက် စိုးရိမ်မှုတွေရှိတယ်၊ ဒါကြောင့်ထုတ်ပြန်ကြေညာချက်လေးကို လုပ်လိုက်ရတာပါ"
ထိုင်းစာသင်ကျောင်းတွေက ဆရာ ဆရာမတွေကလည်း မြန်မာကျောင်းသား ကျောင်းသူတွေကို လူစုလူဝေးနဲ့ မနေကြဖို့ သတိပေးတာတွေ ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်းက မြန်မာရေလုပ်သားတွေကိုလည်း အလုပ်ရှင်တွေက အလုပ်ထုတ်ပယ် တာတွေရှိနေတယ် လို့လည်း ဦးထူးချစ်က ပြောပါတယ်။
ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမားတွေကို ဆောက်လုပ်ရေး၊ စိုက်ပျိုးမွေးမြူရေး၊ အိမ်ဖော်လုပ်ငန်းနဲ့ ရေလုပ် ငန်းတွေရဲ့ အောက်ခြေသိမ်း အလုပ်နေရာတွေမှာသာ ထိုင်းအစိုးရက တရားဝင်လုပ်ကိုင် ခွင့်ပေးထားပြီး စကားပြန်၊ မန်နေဂျာ စတဲ့ အလုပ်တွေမှာ တရားဝင် လုပ်ကိုင်ခွင့်ပြုထားတာ မရှိတဲ့အတွက် စတင်အရေး ယူတာတွေရှိနေတယ်လို့လည်း ပြောပါတယ်။
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ ပြဿနာကြုံတွေ့လာရင် ဆက်သွယ်နိုင်ဖို့ မြန်မာသံရုံးရဲ့ အရေးပေါ်ဖုန်းလိုင်းနံပါတ်တွေကိုလည်း ထုတ်ပြန်ပေး ထားပါတယ်။
ပြီးခဲ့တဲ့ဇွန်လကုန်လောက်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံ ခရီးစဉ်အပြီး နှစ်နိုင်ငံအစိုးရအကြား မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ ခံစားခွင့်ရရှိရေးနဲ့ပတ်သက် တဲ့ သဘောတူညီမှုတွေ ရရှိခဲ့သလို မြန်မာအလုပ်သမားတွေဖက်ကလည်း မျှော်လင့်ချက်တွေ ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အပြီးမှာ အခုလိုမြန်မာလူမျိုး မုန်းတီးရေး လှုံ့ဆော်မှုတွေ ရှိလာတာဖြစ်တယ်လို့ ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းက သုံးသပ်ထားပါတယ်။
ထိုင်းအမျိုးသားရေးအစွန်းရောက်တွေက လူမှုကွန်ယက်တွေကနေ မြန်မာမုန်းတီးရေး လှုံ့ဆော်တာတွေ လုပ်နေတဲ့အတွက် ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတွေအနေနဲ့ သတိဝိရိယနဲ့ နေထိုင်သွားလာကြဖို့ ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းက ထုတ်ပြန်ကြေညာထားပါတယ်။
ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်ကို RFA သတင်းထောက် မဇာဏီထွဏ်းက ဆက်သွယ်မေးမြန်းထားပါတယ်။