'ဝ'တပ်စခန်း ငါးခု ဆုတ်ခွာဖို့ ထိုင်းရဲ့ တောင်းဆိုချက် UWSA လက်မခံ

တာချီလိတ်မှာ မြန်မာစစ်ကောင်စီနဲ့ ထိုင်းအာဏာပိုင်တွေ နယ်စပ်ကော်မတီအစည်းအဝေးမှာ တွေ့ဆုံဆွေးနွေးချိန် ထိုင်းဘက်က တောင်းဆိုလိုက်တာပါ။

'ဝ' ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တပ်ဖွဲ့ဝင်များအား ၂၀၁၉ ခုနှစ် ဧပြီလ ၁၅ ရက်နေ့က တွေ့ရစဉ်။ RFA

မြန်မာ-ထိုင်းနယ်စပ်က 'ဝ' ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA တပ်စခန်း ငါးခုကို ဆုတ်ခွာပေးဖို့ ထိုင်းရဲ့တောင်းဆိုချက်ကို လက်ခံမှာမဟုတ်ဘူးလို့ တာချီလိတ်မြို့ UWSA တောင်ပိုင်း ဆက်ဆံရေးရုံးတာဝန်ခံ ဦးဆမ်ပိန်း RFA ကိုပြောပါတယ်။

မြန်မာ-ထိုင်း နယ်စပ်ကော်မတီ မြို့နယ်အဆင့် အစည်းအဝေးကို ဇွန်လ ၁၉ ရက်နေ့က တာချီလိတ်မြို့မှာ မြန်မာစစ်ကောင်စီအာဏာပိုင်တွေနဲ့ ထိုင်းအာဏာပိုင်တွေ တွေ့ဆုံဆွေးနွေးချိန်မှာ ထိုင်းဘက်က တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

UWSA ရဲ့တပ်စခန်းတွေဟာ ထိုင်းနိုင်ငံပိုင်နက်ထဲမှာ ရှိတာမဟုတ်သလို စစ်ကောင်စီ ထိန်းချုပ်နယ်မြေမှာလည်း မဟုတ်တဲ့အတွက် ဘယ်သူလာတောင်းဆိုဆို မဖယ်ပေးဘူးလို့ UWSA ဆက်ဆံရေးရုံးတာဝန်ခံ ဦးဆမ်ပိန်းက ပြောပါတယ်။

“အခုကျွန်တော်တို့ စခန်းရှိတဲ့ နေရာက ယိုးဒယားထဲမှာ မဟုတ်ဘူးလေ။ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ နယ်နိမိတ်ထဲမှာ အတွင်းထဲမှာလေ စစ်ကောင်စီကလည်း တောင်းဆိုစရာလည်း အကြောင်းမရှိဘူးလေ။ ကျွန်တော်တို့ရဲ့ နယ်မြေ ကျွန်တော်တို့ ကိုယ့်ဒေသကို ကိုယ်ကာကွယ်တာလေ။ သူတို့လည်း ကျွန်တော်တို့ကို ဖိအားလည်း မပေးဘူး ပေးလို့လည်း မရဘူးလေ။ ထိုင်းဆို ကျွန်တော်တို့ကို လာပြီး comment ပေးစရာ အကြောင်းမရှိဘူးလေ။ သူတို့နယ်မြေကိုလည်း ကျွန်တော်တို့ တစ်လက်မတောင် ကျော်တာလည်း မဟုတ်ဘူး။ ကျွန်တော်တို့ဘက်ကို ကျော်လာရင်လည်း ကာကွယ်ဖို့ ရှိပြီးသားပဲလေနော်”

ထိုင်းဘက်က တောင်းဆိုတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကို RFA အနေနဲ့ ဆက်သွယ်မေးမြန်လို့ မရသေးပါဘူး။

အဲဒီဆွေးနွေးပွဲမှာ မြန်မာအာဏာပိုင်တွေဘက်ကတော့ ထိုင်းနိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်သူတွေနဲ့ စစ်ကောင်စီ အလိုရှိသူတွေကို ကူညီဖမ်းဆီးပေးဖို့ ထိုင်းအာဏာပိုင်တွေကို တောင်းဆိုခဲ့တယ်လို့ ဒေသတွင်းသတင်းတွေကနေ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org