ထိုင်းအစိုးရရဲ့ ကျန်းမာရေးအာမခံ မြန်မာအလုပ်သမားတွေပါ အကျုံးဝင်
ထိုင်းနိုင်ငံမှာ ကျန်းမာရေးအာမခံ (ဘတ် ၃၀ တန် ဆေးရုံကတ်) ကိုင်ဆောင် ထားသူတွေ တနိုင်ငံလုံးမှာရှိတဲ့ ဆေးရုံတွေမှာ ဆေးကုသခွင့်ရှိပြီလို့ ထိုင်း ကျန်းမာရေးဝန်ကြီး အနုတင် ချာန်ဗီရာကူလ် (Anutin Charnvirakul)က တနင်္ဂနွေနေ့က ထုတ်ပြန်ကြေညာ ခဲ့ပါတယ်။
-
လုဆိုင်း (ထိုင်းနိုင်ငံ)
2022-01-04 -
-
-
ထိုင်းနိုင်ငံမှာ ကျန်းမာရေးအာမခံ (ဘတ် ၃၀ တန် ဆေးရုံကတ်) ကိုင်ဆောင်ထားသူတွေ တနိုင်ငံလုံးမှာရှိတဲ့ ဆေးရုံတွေမှာ ဆေးကုသခွင့်ရှိပြီလို့ ထိုင်းကျန်းမာရေးဝန်ကြီး အနုတင် ချာန်ဗီရာကူလ် (Anutin Charnvirakul)က တနင်္ဂနွေနေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
“ကတ်ကိုင်ဆောင်ထားသူတွေ အနေနဲ့ စာရင်းမသွင်းရသေးတဲ့ ဒေသတွေမှာ ဖျားနာရင် လွှဲပြောင်းပေးစရာမလိုဘဲ တနိုင်ငံလုံးမှာရှိတဲ့ အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုဌာနတွေမှာ ကုသမှုခံယူနိုင်ပြီ ”လို့ ထိုင်းကျန်းမာရေးဝန်ကြီးရဲ့ပြောဆိုမှုကို ကိုးကားပြီး ဇန်နဝါရီလ ၃ ရက်နေ့ထုတ် ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။
ထိုင်းကျန်းမာရေးဝန်ကြီး ပြောတဲ့ ၃၀ ဘတ် ကျန်းမာရေးအာမခံကတ် ကိုင်ဆောင်ထားတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေလည်း အကျုံးဝင်တယ်လို့ ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံဖြိုးရေးဖောင်ဒေရှင်း (FED)က အလုပ်သမားရေးတာဝန်ခံ ဦးမင်းဦးက ပြောပါတယ်။
“အဲဒီ ၃၀ ဘတ် လုပ်ထားတဲ့လူတွေ အကုန်လုံးပါတယ်။ မြန်မာတွေလည်း ပါတယ်။ အကုန်လုံး အကျုံးဝင်တယ်။ ကျနော်တို့ ရွှေ့ပြောင်း အလုပ်သမားတွေလည်း ပါတယ်။ အရင်က ကျနော်တို့ ဖန်ငပြည်နယ်ထဲမှာ နေတယ်ဆိုပေမဲ့လည်း သူက ပွဲစားနဲ့ အလုပ်သမားလက်မှတ်လုပ်ထားတာ ဆေးရုံကတ်ရော၊ စီအိုင် ပန်းရောင်ကတ်တွေ လုပ်ထားတယ် ဆိုလို့ရှိရင် အဲဒီဆေးရုံမှာ လုပ်ထားတယ်ဆိုရင် တော်ရုံတန်ရုံဆေးရုံမှာ လာကုတယ်ဆိုရင် ဆေးဖိုးပေးရတယ်။ ၃၀ နဲ့မရဘူး။ နောက်တချို့ ပြဿနာက ဥပမာ- ရောဂါက ကြီးတယ်။ ခွဲစိတ်ရမယ်ဆိုရင် ဖူးခက်တို့၊ စူရဌာနီတို့ သွားရမယ်ဆိုလို့ရှိရင် လွှဲစာမပါရင် သွားကုလို့မရဘူး။ အခုဆိုလို့ရှိရင် ရပြီ။ ကောင်းသွားတာပေ့ါ။ တကယ်လို့ ခရီးတွေ သွားနေတယ်ဆိုရင်လည်း အကြောင်းကြောင်းကြောင့် အခြားနယ်တခုခုကို ရောက်နေတုန်းမှာ နေထိုင်မကောင်းဖြစ်တယ်ဆိုရင် ပြလို့ ရပြီ။ ဒီအတိုင်းဆိုရင်တော့ ကျန်းမာရေးအာမခံ ဝယ်ထားတဲ့လူတွေ အားလုံးအကျုံးဝင်တယ်”
မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦးကို ၂ နှစ် သက်တမ်းရှိတဲ့ ကျန်းမာရေးအာမခံကတ်ကို ဘတ်ငွေ ၁၉၀၀ နဲ့ ပြုလုပ်ရတာ ဖြစ်ပေမဲ့ တချို့ ပွဲစားတွေနဲ့ လုပ်တဲ့အခါမှာ ဒီထက် ပိုပြီး ပေးရတယ်လို့ ဦးမင်းဦးက ပြောပါတယ်။
ဒီ ဘတ် ၃၀ ကတ် ကိုင်ဆောင်ထားတယ်ဆိုရင် ထိုင်းလူမျိုးတွေနဲ့အတူတူ ရွှေ့ပြောင်းအလုပ်သမားတွေလည်း အခွင့်အရေးအတူတူ ရရှိပြိး အမျိုးသမီးတွေဆိုရင် ကလေးမွေးဖွား စရိတ်၊ ဖျားနာတဲ့အခါ ဆေးကုစရိတ်အတွက် ဘတ် ၃၀ ပဲ ပေးရတယ်လို့ မြန်မာအလုပ်သမားတစ်ဦး မစုက ပြောပါတယ်။
“ဒီ ၃၀ ကတ်က ကျမတို့တုန်းက ဒီ ၃၀ ကတ် လုပ်ထားတဲ့အတွက် ကလေးမွေးဖွားတာတို့၊ ဖျားနာတာတို့ ဘတ် ၃၀ပဲ ကုန်တယ်။ တကယ်လို့ အဲဒီ ကတ်ရှိတဲ့ လူတွေက မြန်မာပြည်သားတွေ ဖြစ်ပါစေ၊ ထိုင်းလူမျိုးတွေ ဖြစ်ပါစေ အခွင့်အရေးကတော့ အတူတူပဲ ရရှိတယ်”
နှစ်သစ်ကူးကာလမှာပဲ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ ကိုင်ဆောင်ထားတဲ့ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်(CI) စာအုပ်တွေ သက်တမ်းကုန်နေပြီဖြစ်လို့ CI စာအုပ်အသစ် ထုတ်ပေးတဲ့ ရုံးတွေကိုလည်း ဇန်နဝါရီလ ၁၀ ရက်နေ့မှာ စတင်ဖွင့်လှစ်တော့မယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန် လိုက်ပါတယ်။ အဲဒီရုံးတွေကို ချင်းမိုင်၊ ရနောင်း၊ ချွန်ဘူရီ၊ စမွတ်ပရာကန်၊ စမွတ်ဆာခွန် စတဲ့ မြို့တွေမှာ ဖွင့်လှစ်ပေးမှာ ဖြစ်ပါတယ်။