၂ဝ၂၁ အတွင်း ထိုင်းနိုင်ငံထဲခိုးဝင်သူ စံချိန်တင်ဖမ်းမိပေမဲ့ ဆက်လက်ဝင်ရောက်နေကြဆဲ
၂ဝ၂၁ ခုနှစ်အတွင်း ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာတဲ့ ရွှေ့ပြောင်း အလုပ်သမား လေးသောင်းကျော် ဖမ်းဆီးရမိခဲ့ပြီး သူတို့ကို အလုပ်ခန့်သူတွေရော အလုပ်သမားတွေကိုပါ ပြစ်ဒဏ်တွေ ပေးခဲ့တယ်လို့ ထိုင်းအစိုးရက ထုတ်ပြန်ပေမဲ့ မြန်မာနိုင်ငံထဲကနေ ထိုင်းဘက်ကို တရားမဝင် ဝင်ရောက်သူတွေ နေ့စဉ်ရှိနေဆဲ ဖြစ်ပါတယ်။
-
လုဆိုင်း (ထိုင်းနိုင်ငံ)
2021-12-22 -
-
-
တစ်နှစ်အတွင်း ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းအလုပ်သမား လေးသောင်းကျော် ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ဒီဇင်ဘာ ၂၂ ရက် မနေ့က ထုတ်ပြန်လိုက်ပါတယ်။ အဲဒီအထဲမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားက ဘယ်လောက်ပါတယ်ဆိုတာတော့ ဖော်ပြမထားပါဘူး။
ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းပိုင်းကတော့ ၂ဝ၂၁ ခုနှစ် ဇန်နဝါရီလကနေ အောက်တိုဘာလအထိ ရွှေ့ပြောင်းအလုပ်သမား သုံးသောင်းကျော် ဖမ်းဆီးခံရပြီး အဲဒီထဲမှာ မြန်မာနိုင်ငံသားက အများဆုံးဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။
၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့ကနေ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့ထိ ရွှေ့ပြောင်းအလုပ်သမား ၄၂၄၄၃ ဦးနဲ့အတူ လူမှောင်ခို ၂၉၃ ဦး၊ ခိုလှုံသူတွေကို ကူညီပံ့ပိုးခဲ့သူ ၈၄၁ ဦး၊ လူကုန်ကူးခေါင်းဆောင် ၄ဝ၂ ဦးတို့ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ ဒီဇင်ဘာလ ၂၂ ရက်နေ့ထုတ် ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြထားပါတယ်။
တရားမဝင်အလုပ်သမားတွေကို လက်ခံထားသူ အလုပ်ရှင်တွေကို ဘတ်ငွေ တစ်သိန်း ဒဏ်ကြေး ပေးဆောင်စေပြီး အလုပ်သမားခန့်ထားခွင့် သုံးနှစ် ပိတ်ပင်ခံရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဖမ်းဆီးရမိတဲ့ တရားမဝင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦးကိုလည်း ဘတ်ငွေ ငါးသောင်းအထိ ပေးဆောင်စေသလို ပြည်နှင်ဒဏ်ပေးတာ၊ အလုပ်လုပ်ခွင့် ၂ နှစ် ပိတ်ပင်တာတွေ လုပ်ခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒီလိုတွေ အပြစ်ပေးခဲ့ပေမဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို ဆက်ခန့်နေတဲ့ ထိုင်းအလုပ်ရှင်တွေ ရှိနေဆဲပဲလို့ ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (FED)က အလုပ်သမားအရေးတာဝန်ခံ ဦးမင်းဦးက ပြောပါတယ်။
‘အဖမ်းခံရတာ အဲဒီလောက်များတယ်ဆိုရင် အဖမ်းမခံရတဲ့လူတွေ ပိုများနိုင်တယ်။ တရားမဝင်တဲ့ အလုပ်သမားတွေကို လက်ခံထားတဲ့ အလုပ်ရှင်ကို ဘယ်လိုမျိုးအပြစ်ပေး အရေးယူမယ်။ တရားမဝင် အလုပ်သမားတွေကို ဘယ်လိုအပြစ်ပေး အရေးယူတယ်။ သူပြောတာတော့ ဟုတ်ပြီ။ ဒါပေမဲ့ အခုချိန်ထိတောင် လက်ခံနေတဲ့ အလုပ်ရှင်တွေ ရှိနေတယ်။ အဲဒီလို ပွဲစားတွေနဲ့ အာဏာပိုင်တွေနဲ့ ပေါင်းပြီးတော့ ပွဲစားလမ်းကြောင်းနဲ့ သွင်းနေကြတာပဲ။ အခုချိန်ထိ ရှိနေတာပဲ။ အဲဒီလူတွေကျတော့ ဒီဟာတွေကြည့်ပြီး ဘယ်ဂရုစိုက်မလဲ။ သူတို့ပြောတာတွေက သူတို့အတွက်က ရယ်စရာဖြစ်နေတာပေါ့”
တရားမဝင် ဝင်ရောက်သူတချို့ကတော့ အဖမ်းခံရချိန်မှာ ထိုင်းရဲကိုငွေပေးပြီးလွတ်မြောက်လာတာ ရှိပါတယ်။
မြန်မာစစ်ကောင်စီတပ်က လိုက်လံဖမ်းဆီးတာတွေရှိလို့ လုံခြုံမှု မရှိတော့တာကြောင့် ထိုင်းနိုင်ငံထဲကို အခက်အခဲတွေနဲ့ စွန့်စားဝင်လာချိန်မှာ အဖမ်းခံခဲ့ရပြီး ဘတ် တစ်သောင်းပေးလိုက်လို့ ပြန်လွတ်လာတယ်လို့ မြန်မာအလုပ်သမားတစ်ဦးက ပြောပါတယ်။
‘ကျနော်တို့ ရနောင်းကနေ အခုနေတဲ့နေရာထိ ပွဲစားက ၁၉၀၀၀ တောင်းတယ်။ ဟိုမှာ လုံးဝနေလို့မရတော့လို့။ ညဘက်ဆို ကျနော် အိပ်လို့မရဘူး။ သူများအိမ်မှာ လိုက်အိပ်ရတယ်။ နောက်တော့ ကျနော့်အိမ်လည်း အဖောက်ခံရတယ်။ ဟိုရှာ ဒီရှာ ရှာသွားတာနဲ့ နေလို့မရတော့လို့ ထွက်လာတာ’
ထိုင်း-မြန်မာနယ်စပ် ပရာကျွတ်ခရီခန်ခရိုင်မှာ ဒီဇင်ဘာ ၂၁ ရက်မှာ မြန်မာအလုပ်သမား ၁၉ ဦး၊ ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ ၄၂ ဦး၊ ကန်ချနဘူရီခရိုင်ထဲမှာ ၇၆ ဦး အားလုံးပေါင်း ၁၃၇ ဦးကို သုံးနေရာမှာ ထိုင်းလုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့ရဲ့ လူမှုကွန်ရက်တစ်ခုမှာလည်း ဖော်ပြထားပါတယ်။
ထိုင်းအာဏာပိုင်တွေဘက်က တရားမဝင် နယ်စပ်ဖြတ်ကျော်လာသူတွေကို နေ့စဉ်ဖမ်းဆီးနေပေမဲ့ ၂၀၂၁ ခုနှစ်ဟာ နှစ်ပေါင်း ၃၀ အတွင်း ထိုင်း-မြန်မာနယ်စပ်ကနေ မြန်မာရွှေ့ပြောင်းအလုပ်သမား ခိုးဝင်မှုအများဆုံး စံချိန်တင်ခဲ့တဲ့နှစ်ဖြစ်တယ်လို့ ထိုင်းအခြေစိုက် အလုပ်သမားကူညီစောင့်ရှောက်ရေး မဟာမိတ်အဖွဲ့ (AAC) က ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာ ပြောကြားခဲ့ပါတယ်။