ဘန်ကောက်မှာ ကွန်ဒိုတိုက်ခန်း ရောင်းသူ၊ ဝယ်သူ မြန်မာငါးဦးကို စစ်ကောင်စီအရေးယူ

ပြည်ပနိုင်ငံတွေက ကွန်ဒိုတိုက်ခန်းတွေကို အွန်လိုင်းက ရောင်းချနေသူတွေနဲ့ ဝယ်ယူသူတွေကို ဆက်လက်ဖော်ထုတ် အရေးယူသွားမယ်လို့လည်း ဆိုပါတယ်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ အထပ်မြင့်အဆောက်အဦများအား ၂ဝ၂၃ ခုနှစ် စက်တင်ဘာလအတွင်းက မြင်တွေ့ရစဉ်။ Photo: AFP

ပြည်ပနိုင်ငံတွေမှာ ကွန်ဒိုတိုက်ခန်းဝယ်ယူထားသူ သုံးဦးနဲ့ ကွန်ဒိုတိုက်ခန်းတွေကို ရောင်းချခဲ့တဲ့ Minn Thu ကုမ္ပဏီက တာဝန်ရှိသူ နှစ်ဦးကို အရေးယူထားကြောင်း စစ်ကောင်စီက ဇွန်လ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အဲဒီထဲက လေးဦးကို ဖမ်းဆီးရမိထားပြီး Minn Thu ကုမ္ပဏီက အထွေထွေမန်နေဂျာ ဦးမင်းသူကျော်က ထွက်ပြေးတိမ်းရှောင်နေတယ်လို့ စစ်ကောင်စီက ပြောပါတယ်။

Minn Thu ကုမ္ပဏီအနေနဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ကွန်ဒိုတိုက်ခန်းတွေကို သက်ဆိုင်ရာကို သတင်းပေးပို့ ခွင့်ပြုချက်မယူဘဲ ပြည်တွင်းမှာ တရားမဝင်အရောင်းပြန်ခန်းတွေကို နှစ်ကြိမ်လုပ်ခဲ့တဲ့အပြင် တိုက်ခန်းဖိုး ငွေကြေးတွေကိုလည်း တရားမဝင် ဟွန်ဒီငွေလွှဲလုပ်ငန်းတွေကနေ ထိုင်းနိုင်ငံကိုပေးပို့ခဲ့တာကို စစ်ဆေးတွေ့ရှိရတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံက ကွန်ဒိုတိုက်ခန်းတွေကို ဝယ်ယူထားသူသုံးဦးဟာလည်း ဗဟိုဘဏ်ရဲ့ ခွင့်ပြုချက်မရှိဘဲ ပြည်ပမှာ ဘဏ်စာရင်းဖွင့်ပြီး တိုက်ခန်းဖိုး ငွေချေထားတဲ့အတွက် အရေးယူဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ပြည်ပနိုင်ငံတွေက ကွန်ဒိုတိုက်ခန်းတွေကို အွန်လိုင်းက ရောင်းချနေသူတွေနဲ့ ဝယ်ယူသူတွေကို ဆက်လက်ဖော်ထုတ် အရေးယူသွားမယ်လို့လည်း ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ ကွန်ဒိုဝယ်ယူမှုအများဆုံး ပြည်ပနိုင်ငံတွေ စာရင်းမှာ တရုတ်နိုင်ငံပြီးရင် မြန်မာနိုင်ငံက ဒုတိယအများဆုံးဖြစ်နေကြောင်း ဘန်ကောက်ပို့စ်သတင်းက မေ ၂၈ ရက်နေ့က ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org