မြန်မာ နယ်စပ်မှာ ထိုင်းလုံခြုံရေး တိုးမြင့်
မြန်မာနိုင်ငံမှာ ကျင်းပမယ့် နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲအထိ ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်း ထိုင်းစစ်တပ်က လုံခြုံရေး အထူးတိုးမြင့် ချထားလိုက်တယ်လို့ သိရပါတယ်။
-
2010-10-17 -
-
-
မြန်မာနိုင်ငံ မြဝတီတဖက်ကမ်း ထိုင်းဘက်ခြမ်းမှာ နေ့စဉ် ကင်းလှည့်လုံခြုံရေး တိုးမြင့်သွားဖိ့ု တာ့ခ်ခရိုင် အခြေစိုက် ထိုင်းခြေလျင်တပ်ရင်း (၄) ကို ညွှန်ကြားထားကြောင်း ထိုင်းအမှတ် (၄) တပ်မှူးက ပြောပါတယ်။
လာမယ့် ရွေးကောက်ပွဲ ကာလအတွင်း ထိုင်းနယ်စပ်ဖက်မှာ လုံခြုံရေး အခြေအနေ အားနည်းလာမှာကို စိုးရိမ်တဲ့အတွက် တပ်တွေ တိုးမြင့် ချထားတာဖြစ်သလို အခုရက်ပိုင်းအတွင်း မြဝတီနယ်မြေ တဝိုက်မှာ စစ်အစိုးရတပ်တွေနဲ့ကရင်အမျိုးသား အစည်းအရုံး KNU တပ်တွေအကြား တိုက်ပွဲဖြစ်ပွားမှုတွေ ရှိနေတဲ့အတွက် လုံခြုံရေး တိုးမြင့်ချလာတာလို့ ဘန်ကောက်ပို့စ် သတင်းစာက ရေးပါတယ်။
ဒါပေမယ့် ကရင်အမျိုးသား အစည်းအရုံး KNU ဖားအံခရိုင် ဥက္ကဌ ဖဒိုအောင်မော်အေး ကတော့ စစ်အစိုးရတပ်တွေနဲ့ KNU အကြား အခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားမှု မရှိကြောင်း ငြင်းဆိုပါတယ်။ အခုလို လုံခြုံရေး တိုးမြင့်ချထားတာဟာ DKBA တပ်တွေနဲ့ ပတ်သက်လိမ့်မယ်လို့ထင်မြင်ကြောင်း ဖဒိုအောင်မော်အေး က ပြောပါတယ်။
ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်မှာ ရှိတဲ့ ထိုင်းတပ်မ (၂) တပ်မမှူးကတော့ မြန်မာစစ်အစိုးရက ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အကူအညီ တောင်းလာရင် သူတို့အနေနဲ့ ကူညီဖို့ အဆင်သင့် ရှိကြောင်း ပြောဆိုပြီး၊ ထိုင်းတပ်မ (၃) တပ်မမှူးကတော့ မြန်မာစစ်အစိုးရဘက်က ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဘာမှ အကူအညီတောင်းတာ မရှိသေးဘူးလို့ ပြောဆိုကြောင်း ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးသားထားပါတယ်။